ဂျပန်သံအမတ်နဲ့ ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်တွေ တေ့ွဆုံ
2018.05.29

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ထွက်ပြေးသွားကြသူတွေအရေးကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. Ichiro Maruyama နဲ့ ရခိုင်အမျိုးသားပါတီ ANP တို့ စစ်တွေမြို့ ပါတီဗဟိုဌာနချုပ်ရုံးမှာ ဒီနေ့ဆွေးနွေးခဲ့ကြပါတယ်။
ရခိုင်ပြည်နယ်မှာ မွတ်စလင်အရေးကိစ္စဟာ ချက်ချင်းဖြေရှင်းလို့ မရနိုင်တဲ့အကြောင်း သံအမတ်ကြီးကို ဆွေးနွေးခဲ့ တယ်လို့ ရခိုင်အမျိုးသားပါတီ ANP ရဲ့အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော် ကပြောပါတယ်။
"ဂျပန်သံအမတ်ကြီးအနေနဲ့တော့ ဒီပြဿနာဟာ တော်တော်ကြီးကို ကမ္ဘာက စိတ်ဝင်စားတဲ့ ပြဿနာဖြစ်တဲ့အတွက် ဖြေရှင်းသင့်တယ်လို့ ပြောပါတယ်။ ကျနော်တို့ ရခိုင် အမျိုးသားပါတီကတော့ ဒီဘင်္ဂလီ ပြဿနာကို နေ့ချင်းရက်ချင်း နိုင်ငံတကာက လိုအပ်သလို ချက်ချင်းဖြေရှင်းပေးရမယ်ဆိုတာကတော့ သိပ်မလွယ်ကူတဲ့အကြောင်းနဲ့ အချိန်ယူပြီးတော့ ဖြေးဖြေး ဖြေရှင်းသွားမှသာလျှင် အောင်မြင်နိုင်မယ်၊ ဖြေရှင်းပေးနိုင်မယ်လို့ ထင်မြင်ယူဆတဲ့အကြောင်း ကျနော်တို့ ပြန်လည် ပြောပြခဲ့ပါတယ် ခင်ဗျာ"
ဘင်္ဂလားဒေ့ရှ်ရောက်ရှိနေတဲ့ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးကိစ္စအပေါ်မှာ ပါတီရဲ့ရပ်တည်ချက်ကို မေးမြန်း ရာမှာတော့ မွတ်စလင်တွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့အညီ စိစစ်ပြီး နိုင်ငံသားအရည်အချင်းနဲ့ ပြည့်စုံသူတွေကို နိုင်ငံသားပေးပြီး နိုင်ငံသားအရည်အချင်းနဲ့ မပြည့်စုံသူတွေကို အစိုးရက ပြတ်ပြတ်သားသား ကြေညာဖို့ လိုအပ်တဲ့အကြောင်း ပါတီတာဝန်ရှိသူတွေက ပြောခဲ့တယ်လို့ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံသားအဖြစ် အသိအမှတ်ပြုတဲ့ မွတ်စလင်တွေကို ရခိုင်ပြည်နယ်မှာ ပိတ်လှောင်မထားဘဲ မြန်မာနိုင်ငံ အနှံ့ လွတ်လပ်စွာသွားလာခွင့်ပြုဖို့လိုကြောင်း သံအမတ်ကြီးကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. Ichiro Maruyama ဟာ ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့က စစ်တွေမြို့ ကို ရောက်ရှိနေတာဖြစ်ပြီးတော့ စစ်တွေမြို့နယ်သက္ကယ်ပြင်၊ ဘောဒူဖ၊ ခေါင်းဒုက္ကာ မွတ်စလင်ကယ်ဆယ်ရေး စခန်းတွေကို သွားရောက်ခဲ့သလို မနေ့ကတော့ မောင်တောမြို့နယ်က နေရာအချို့ကို သွားရောက်လေ့လာ ခဲ့ပါတယ်။