ပါတီ ကြေညာချက်ကို တရားမဝင်လို့ ပြောခဲ့သူများ ANP ပါတီက စစ်ဆေး


2016.03.07

ရခိုင်အမျိုးသားပါတီ ANP ကထုတ်ပြန်ခဲ့တဲ့ ကြေညာချက်နှစ်စောင်ဟာ တရားမဝင်ကြောင်း ပြောခဲ့တဲ့ ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် ၆ ဦးကို လာမယ့် မတ်လ ၁၁ ရက်နေ့မှာ ပါတီတွင်း စည်းကမ်းထိန်းသိမ်းရေး ကော်မတီ က ခေါ်ယူစစ်ဆေးသွားမှာဖြစ်ကြောင်း ANP က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

စစ်တွေမြို့ ပါတီဗဟိုဌာနချုပ်မှာ ဥက္ကဌအဖွဲ့နဲ့ အတွင်းရေးမှူးအဖွဲ့တွေရဲ့ ဒီနေ့ ဆွေးနွေးပွဲ ဆုံးဖြတ်ချက်အရ ပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီကနေ စုံစမ်းစစ်ဆေးသွားမှာဖြစ်တယ်လို့ ပါတီ ဒုတိယဥက္ကဌ ဦးခိုင်ပြည်စိုးက ပြောပါတယ်။

"ဒီဟာက ကျနော်တို့ပါတီရဲ့ သဘောထားမပါဘူး၊ ဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက် မပါတဲ့အတွက်ကြောင့် ဒီကိစ္စနဲ့ ပတ်သက်လို့ ဒီနေ့မနက်ပဲ ကျနော်တို့ စစ်တွေ ဗဟိုဌာနချုပ်မှာ ဥက္ကဌနဲ့ အတွင်းရေးမှူးတွေ အစည်းအဝေး ထိုင်ပြီးတော့မှ ANP ပါတီ စည်းကမ်းထိန်းသိမ်းရေးကော်မတီက အရေးယူဆောင်ရွက်ပေးပါဆိုပြီးတော့ ပါတီရဲ့ တာဝန်ပေးချက်အရ ကျနော်က ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပေးလိုက်တယ်၊ ၁၁ ရက်နေ့ကို ဗဟိုဌာနချုပ်ရုံး ကို ခေါ်ပြီးတော့ ဒီမှာစုံစမ်းစစ်ဆေးရေးလုပ်သွားမယ်"

ရန်ကုန်မြို့မှာ မနေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တဲ့ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၆ ဦးကို စစ်တွေမြို့ ပါတီဌာနချုပ်မှာ လာရောက်စစ်ဆေးခံဖို့အတွက် တစ်ဦးချင်းစီကို စာနဲ့အကြောင်းကြားသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီကော်မတီဝင် ၆ ဦးကို အရေးယူ၊ မယူဆိုတာ လာမယ့် မတ်လ ၁၂ရက်နဲ့ ၁၃ ရက်နေ့မှာ ကျင်းပမယ့် ပါတီဗဟိုကော်မတီအစည်းအဝေးမှာ ဆုံးဖြတ်သွားမယ်လို့လည်း သိရပါတယ်။

အဲဒီကော်မတီဝင်တွေဟာ ANP ပါတီအဖြစ် မပူးပေါင်းခင်က ရှိခဲ့တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီ ခေါင်းဆောင်ဟောင်းတွေ ဖြစ်ပါတယ်။

လာမယ့် အစိုးရသစ်လက်ထက်မှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နေရာကို ရခိုင်အမျိုးသားပါတီကသာ မရခဲ့ရင် အတိုက် အခံအဖြစ်နဲ့ ရပ်တည်သွားမှာဖြစ်ကြောင်းနဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ UNA နဲ့ မဟာမိတ် ဆက်ဆံရေးကို ရပ်စဲကြောင်း ANP က ထုတ်ပြန်ခဲ့တဲ့ကြေညာချက် နှစ်စောင်ဟာ တရားမဝင်တဲ့အတွက် လက်မ ခံနိုင်ကြောင်း ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၆ ဦးက မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။