ရခိုင်အမျိုးသားပါတီ ရပ်တည်ချက် ခေါင်းဆောင်တချို့ ရှင်းလင်းကြေညာမည်
2016.03.03

ရခိုင်အမျိုးသားပါတီကို ပြည်နယ်အစိုးရအဖွဲ့မှာ ဦးဆောင်ခွင့်ပေးဖို့နဲ့ မပေးရင်အတိုက်အခံပါတီအဖြစ် ရပ်တည်သွား မယ်ဆိုတဲ့ ကြေညာချက်နဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA ကနေ ရပ်စဲသွားမယ်ဆို တဲ့ ကြေညာချက် ၂ စောင်ကို ပါတီဟောင်းဖြစ်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ခေါင်းဆောင်တွေက ကန့် ကွက်ကြောင်း သတင်းစာရှင်းလင်းပွဲ ကျင်းပသွားမယ်လို့ သိရပါတယ်။
လာမယ့် မတ်လ ၆ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲကျင်းပပြီး ကြေညာချက်တစ်စောင် ထုတ်ပြန်သွားဖို့ အတွက် ဒီနေ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေ ဆွေးနွေးပွဲမှာ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်က ဦးမျိုးကျော်က ပြောပါတယ်။
"အဲ့ဒါတွေနဲ့ ပတ်သက်လို့ ကျနော်တို့ကနေပြီးတော့ ဒီမှာပါတဲ့ခေါင်းဆောင်ပိုင်းကနေပြီးတော့ ပြန်ပြီးခေါင်းချင်း ဆိုင်ပြီးတော့ ဆုံးဖြတ်ချက်တစ်ခုချပါတယ်၊ ANP ထဲကရှိတဲ့ ကျနော်တို့ ALD အခြမ်းပေါ့၊ ကျနော်တို့ ကြေညာချက် တစ်ခုထုတ်ဖို့ ပြင်ဆင်ထားပါတယ်၊ ကြေညာချက်ထုတ်တဲ့အခါ ကျနော်တို့က မီဒီယာကိုပါ ရှင်းလင်းချက်လုပ် မှာပါ၊ အဲ့ဒါက အခုလာမယ့် တနင်္ဂနွေ ၆ ရက်နေ့ပါ၊ ၁ နာရီမှာ တော်ဝင်နှင်းဆီလုပ်သွားဖို့ စီစဉ်ပါတယ်"
ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၀ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ရခိုင်အမျိုးသားပါတီကိုသာ ဦးဆောင်ဖွဲ့ခွင့်ပေးဖို့ ရခိုင်အမျိုးသားပါတီက ကြေညာချက်ထုတ်ပြန်ခဲ့သလို ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ရခိုင်အမျိုးသားပါတီအနေနဲ့ UNA နဲ့ မဟာမိတ်အဖြစ်ကနေ ရပ်စဲပြီး ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း NBF နဲ့ မဟာမိတ်အဖြစ် လက်တွဲသွားမယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ရခိုင်အမျိုးသားပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်ကတော့ ရခိုင်အမျိုးသားပါတီက ထုတ်ပြန် ခဲ့တဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး ပြန်လည်ပြင်ဆင်ဖို့ မရှိဘူးလို့ ပြောပါတယ်။
"ကျနော်တို့ ရခိုင်အမျိုးသားပါတီရဲ့ သဘောကတော့ ကျနော်တို့ဟာ အစည်းဝေးဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ပြတ်ပြတ်သားသား လူသိရှင်ကြား ကြေညာပြီးဖြစ်တဲ့အတွက် UNA အဖွဲ့ကိုလည်း ကျနော်တို့က တရားဝင် မဟာမိတ်ဆက်ဆံခြင်းကို ကျနော်တို့ ရပ်စဲလိုက်ပြီလို့ စာနဲ့အကြောင်းကြားပြီး ဖြစ်တဲ့အတွက် ဒီကိစ္စကတော့ ကျနော်တို့ ရခိုင်အမျိုးသားပါတီအနေနဲ့ ဆက်လက်ပြီးတော့ ပြောဆိုစရာအကြောင်းမရှိဘူးလို့ ကျနော့်အနေနဲ့ အဲ့သလိုပဲ ပါတီကိုယ်စားပြောနိုင်ပါတယ် ခင်ဗျ"
ရခိုင်အမျိုးသားပါတီ ANP ဟာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD နဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP တို့ ပူးပေါင်းထားတာဖြစ်ပါတယ်။ အရင် ALD ပါတီဟာ ညီညွတ်သောတိုင်းရင်းသား လူမျိုးများမဟာမိတ်အဖွဲ့ UNA အဖွဲ့ဝင်ဖြစ်ပြီး RNDP က ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း NBF အဖွဲ့ဝင်ဖြစ်ပါတယ်။
စစ်တွေမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့က ကျင်းပခဲ့တဲ့ ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်မှုဆောင် ကော်မတီ အစည်းအဝေးကနေ အဲဒီကြေညာချက်နှစ်စောင်ကို ထုတ်ပြန်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အဲဒီအစည်းအဝေးကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အဖွဲ့ဝင်တွေသာ တက်ရောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။