ပုဂ္ဂိုလ်ရေး တိုက်ခိုက်မဲဆွယ်မှု နဲ့ ပြည်ခိုင်ဖြိုးကို ANP တိုင်ကြား
2015.10.25

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ရခိုင်အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအပေါ် ပုဂ္ဂိုလ်ရေးတိုက်ခိုက်ပြီး မဲဆွယ်စည်းရုံးခဲ့တာတွေရှိနေတာကြောင့် ရခိုင်အမျိုးသားပါတီက မြို့နယ်ကော်မရှင်ထံ တိုင်ကြားထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဘူးသီးတောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူတွေက ရခိုင်အမျိုးသားပါတီကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံးမှာ ဒီနေ့ တောင်းပန်လိုက်တယ်လို့ ဘူးသီးတောင် မြို့နယ် ရခိုင်အမျိုးသားပါတီရဲ့ ဒုတိယဥက္ကဌ ဦးသန်းလှိုင်က ပြောပါတယ်။
"တိုက်ခိုက်တယ်ဆိုတာလည်း ဒေါတာအေးမောင်နဲ့ Nld ကိုပေါင်းသွားပြီဆိုပြီးတော့ သူတို့ကအဲ့ဒီလို သွားပုတ်လေလွင့် လိုက်ပြီးတော့ ပြောနေတယ်ပေါ့၊ USDP က နယ်တိုင်းမှာ သူတို့ ဆန်တွေဝေငှပေးတယ်၊ မာမီးခေါက်ဆွဲပေးတယ်၊ အဝတ်တွေပေးတယ်၊ သူတို့ပါတီအောင်နိုင်ရေးအနေနဲ့ပေးတယ် လို့ ပြောတယ်ဗျ၊ ကော်မရှင်ကိုတော့ ကျနော်တို့ တိုင်ကြားစာပေးထားတယ်ခင်ဗျ၊ ဒီနေ့ ကော်မရှင်က ကျနော်တို့ ပါတီအသီးသီးနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကိုခေါ်ပြီးတော့ ဒီနေ့ ညှိနှိုင်းပါတယ်ခင်ဗျ၊ သူတို့ နောက်နောင်မလုပ်ဖို့အကြောင်းကို သူတို့က ကျနော်တို့ကို တောင်းပန်ပြီးပြောဆိုပါတယ်ခင်ဗျ"
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးရေးခရီးစဉ်တွေ မှာ ဆန်၊ အဝတ်အထည်နဲ့ စားသောက်စရာတွေကို ဖြန့်ဝေခဲ့တာကို အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ တိုင်တန်း ထားတယ်လို့လည်း သိရပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဘူးသီးတောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖရုံချောင်း၊ ငလှမ်းပြင်၊ ပေါက်တော၊ သာစည်၊ မန်အောင် စတဲ့ကျေးရွာတွေမှာ မဲဆွယ်စည်းရုံး ဟောပြောခဲ့တာဖြစ်ပြီး ရခိုင်အမျိုးသားပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအပေါ် ပုဂ္ဂိုလ်ရေးထိခိုက်စေတဲ့ စကားတွေနဲ့ မဲဆွယ်စည်းရုံးခဲ့တယ်လို့ ANP ကပြောပါတယ်။
ဘူးသီးတောင်မြို့နယ်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမောင်စန်ရွှေ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး သူဟာ လက်ရှိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေး ဝန်ကြီး ဖြစ်ပါတယ်။
ဘူးသီးတောင်မြို့နယ်မှာ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ၊ ရခိုင်အမျိုးသားပါတီ၊ ပြည်ထောင် စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ၊ ခမီးအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ စတဲ့နိုင်ငံရေးပါတီတွေ ဝင်ရောက်ယှဉ်ပြိုင် ကြမှာဖြစ်ပါတယ်။
မြို့နယ်ကော်မရှင်ထံ တိုင်ကြားထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဘူးသီးတောင်မြို့နယ်ရဲ့ ရခိုင်အမျိူးသားပါတီ ဒုတိယဥက္ကဋ္ဌ ဦးသန်းလှိုင်ကို RFA သတင်းထောက် မရွှေရည်မဉ္ဇူ က ဆက်သွယ်မေးမြန်းထားပါတယ်။