ရေးမြို့နယ်မှာ မြေနေရာဝယ်ယူမှု ကန့်ကွက်သူ ၂၆ ဦးကို အမှုဖွင့်စစ်ဆေး
2015.06.23

မွန်ပြည်နယ် ရေးမြို့နယ်မှာ အံဒင်ကျောက်မီးသွေးစက်ရုံ တည်ဆောက်ဖို့အတွက် မြေနေရာတွေ လိုက်လံဝယ်ယူ သူတွေကို ကန့်ကွက်တဲ့ ဒေသခံ ၂၆ ယောက်ကို အကျိုးပျက်စီးစေမှု၊ ပိုင်နက်ကျူးလွန်မှု စတဲ့ ပုဒ်မ ၄ခုနဲ့ ရေးမြို့နယ် မြို့မရဲစခန်းမှာ ဒီနေ့ အမှုဖွင့်စစ်ဆေးနေပါတယ်။
ရေးမြို့နယ် နှစ်ကရုပ်ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင်ဒေသခံ ၂၆ ယောက်ကို မြို့မရဲစခန်းမှာ စတင်စစ်ဆေးနေ တယ်လို့ အံဒင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ရှင်းက ပြောပါတယ်။
"သူ့ခြံစည်းရိုးကိုဖျက်တယ်၊ အိမ်ပေါ်တက်တယ်လို့ စွပ်စွဲပြီးတရားစွဲတယ်၊ ဒါက တစ်ယောက်မှမတက်ကြဘူး၊ ရာအိမ်မှူးတစ်ယောက်ပဲပေ့ါ၊ အဲ့အနီးအနားမှာ သူ့အိမ်ပေါ်မတက်ဖို့ လူအန္တရာယ်မဖြစ်ဖို့ ထိန်းသိမ်းစောင့်ရှောက် တဲ့ သဘောပဲရှိတယ်"
ကျောက်မီးသွေးစက်ရုံ တည်ဆောက်ဖို့အတွက် တိုယိုထိုင်းကုမ္ပဏီနဲ့ အကျိုးတူပူးပေါင်းထားတဲ့ ရောင်နီဦးကုမ္ပဏီက အံဒင်ကျေးရွာနဲ့ နှစ်ကရုပ်ကျေးရွာတို့မှာ မြေနေရာတွေ လိုက်ဝယ်နေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့က နှစ်ကရုပ်ကျေးရွာမှာ မြေဝယ်ယူဖို့ ရောက်ရှိလာသူတွေ တည်းခိုတဲ့နေအိမ်ရှေ့မှာ အံဒင်ကျေးရွာနဲ့ နှစ်ကရုပ်ကျေးရွာက ဒေသခံ ၂၀၀ ကျော်က သွားရောက်ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။
ကန့်ကွက်ရာမှာ ပါဝင်ခဲ့တဲ့ နှစ်ကရုပ်ကျေးရွာသား ၁၁ ယောက်၊ အံဒင်ကျေးရွာသား ၁၄ ယောက်နဲ့ ဝင်ရောက်ဖြန်ဖြေပေးတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ၁ယောက်တို့ကို မြေဝယ်သူတွေ တည်းခိုခဲ့တဲ့ နေအိမ်ပိုင်ရှင်က အကျိုးပျက်စီးစေမှု၊ ပိုင်နက်ကျူးလွန်မှု၊ သာမန်လက်ရောက်မှု၊ ခြိမ်းခြောက်မှုတို့နဲ့ ရေးမြိုမရဲစခန်းမှာ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။
ကျောက်မီးသွေးစက်ရုံကို အံဒင်ကျေးရွာအနီးက မြေဧက ၅၀၀ မှာ တိုယိုထိုင်းကုမ္ပဏီက လာမယ့် ၂၀၁၆ ခုနှစ်ကစပြီး ၄ နှစ်ကြာ ဆောက်လုပ်မှာဖြစ်ပါတယ်။