ဝမ်းပျက်ဝမ်းလျှောဖြစ်နေတဲ့ ရွာတွေကို အထူးကုသရေးအဖွဲ့ သွားရောက်


2017.04.23
ann-cholera-620.jpg ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်ကျေးရွာအုပ်စုက ကျေးရွာတချို့မှာ ဝမ်းပျက်၊ ဝမ်းလျောရောဂါ ဖြစ်ပွားနေတာကြောင့် ကုသနေရသူတွေကို တွေ့ရစဉ်
ဓါတ်ပုံ - ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်ကျေးရွာအုပ်စုက ဝမ်းပျက်ဝမ်းလျှောတွေဖြစ်နေတဲ့ ကျေးရွာ ၅ ရွာကို အထူးဆေးကုသရေးအဖွဲ့က သွားရောက်ကုသပေးနေ တယ်လို့ ရခိုင်ပြည်နယ်၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။

ပြည်နယ်အဖွဲ့နဲ့ အမ်းမြို့နယ်အဖွဲ့ပေါင်းပြီး ကျေးရွာ ၅ ရွာမှာ သွားရောက်ကုသပေးနေတဲ့ ၂ ရက်အတွင်းမှာ ဝမ်းလျှောတဲ့လူနာ ၄ ဦးသာရှိပြီး ကာလဝမ်း နဲ့ အထွေထွေဝမ်းရောဂါ စစ်ဆေးရာမှာ မတွေ့ရှိဘူးလို့ ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြည်နယ်ဦးစီးမှူး ဒေါက်တာ သောင်းလှိုင်က ပြောပါတယ်။

"ပြည်နယ်အဖွဲ့နဲ့ အမ်းမြို့နယ်အဖွဲ့နဲ့ ၂ ဖွဲ့ပေါ့၊ အထူး special team ကပဲ တက်သွားတယ်၊ တက်သွားပြီးတော့ ၂ နေရာခွဲလိုက်တယ်၊ မနေ့ကနဲ့ ဒီနေ့နဲ့ ၂ ရက်မှာ မနေ့က လူနာ အယောက် ၅၀ ကြည့်တယ်၊ ဒီနေ့ ၃၇ ယောက် ကြည့်တယ်၊ အဲထဲမှာ ဝမ်းသွားတယ်လို့ပြောတာ ၄ ဦးပဲပါတယ်၊ အဲဒီ ၄ ဦးကို ကာလဝမ်း ဟုတ်/မဟုတ်နဲ့ အထွေထွေဝမ်းရောဂါကို စစ်ပါတယ်၊ မရှိပါဘူး"

ဝမ်းရောဂါကြောင့် ကလေး ၃ ဦးသေဆုံးတယ်ဆိုတာဟာလည်း မဟုတ်မှန်ဘဲ ကောလာဟလသာ ဖြစ် ကြောင်းနဲ့ အသက် ၅၀နဲ့ ၆၀ အရွယ် ၃ ဦး အထွေထွေရောဂါတွေနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက သေဆုံးခဲ့တာ သာ ဖြစ်တယ်လို့လည်း ဒေါက်တာသောင်းလှိုင် က ပြောပါတယ်။

ဝမ်းပျက်၊ ဝမ်းလျှော စဖြစ်တယ်ဆိုတဲ့ ဧပြီလ ၁၆ ရက်နေ့မှာ သြင်္ကန်မိုးရွာခဲ့တာကြောင့် ရွာသားတွေ သောက်သုံးနေတဲ့ ချောင်းရေဟာ နောက်ကျိသွားတဲ့ အတွက်ကြောင့်သာ ဖြစ်နိုင်ကြောင်း၊ ရွာသားတွေ ဟာ ချောင်းရေကို အဓိကသောက်သုံးကြပြီး ကျိုချက်သောက်တာမဟုတ်တဲ့အတွက် ဝမ်းပျက်ကြတာ ဖြစ်တယ် လို့လည်း ပြောပါတယ်။

အမ်းမြို့နယ်၊ ဒါးလက်ကျေးရွာအုပ်စုက ကွေဝ၊ ညောင်ချောင်း၊ နေပစေး၊ ဝင်ဝနဲ့ လုံးတုံ စတဲ့ကျေးရွာ ၅ ရွာက အသက် ၅ နှစ်အောက်ကလေးတွေ အပါအဝင် ဒေသခံတွေ ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ဖြစ်ပွားနေကြတာ ဖြစ်ပါတယ်။

အဲဒါကြောင့် ဒါးလက်တိုက်နယ်က ကျန်းမာရေးဆရာမ ၁ ဦး၊ သားဖွား ဆရာမ ၁ ဦး၊ တိုက်နယ်ဆေးရုံက အမျိုးသားဝန်ထမ်း ၂ ဦးတို့က ဧပြီလ ၁၉ ရက်နေ့ထဲက သွားရောက် ကုသပေးနေတာလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။