NLD ပါတီကို ကူညီဖို့ အမေရိကန် NGO ကမ်းလှမ်း
2010.09.22

ဒီကနေ့မနက်ပိုင်းက အမေရိကန် သံအမတ်ကြီးအိမ်မှာ တွေ့ဆုံခဲ့တဲ့ တွေ့ဆုံပွဲမှာ ခုလိုပြောဆိုခဲ့ တာပါ။
ခုလို ကမ်းလှမ်းတဲ့ အဖွဲ့ဟာ အမေရိကန်အစိုးရနဲ့ လူသားချင်း စာနာမှု အထောက်အကူပြု အဖွဲ့တွေ ကြားမှာ ဆက်သွယ်ဆောင်ရွက်ပေးတဲ့ အဖွဲ့တွေက ပြောဆိုခဲ့တာပါ။
အစည်းအဝေး တက်ရောက်တဲ့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးနိုင်းနိုင်းက ခုလိုပြောပါတယ်
“Key point လေးတခုက သူပြောထားတာ ရှိတယ်ဗျ။ ဒီလိုတဲ့ လူမှုရေးလုပ်ငန်းတွေကို ကူညီရင်တဲ့ ဒီမိုကရေစီ တိုးတက်ပြောင်းလဲမှုကို အထောက်အကူ ပြုမပြုလည်း သိချင်ပါတယ်တဲ့။ သြော် ဒါကတော့ဗျာလို့၊ ဒီကိစ္စက လူတွေအများစုနဲ့ တာဝန်ယူ လုပ်တဲ့ကိစ္စတွေက ဒီမိုကရေစီ ကျင့်စဉ်တွေပါပဲလို့။ အဲဒီတော့ တိုးတက်နိုင်ပါတယ်လို့ ကျွန်တော် ပြောပြလိုက်တယ်လေ။”
တွေ့ဆုံပွဲမှာ စစ်အစိုးရက NLD ပါတီကို ဖျက်သိမ်းခဲ့တဲ့ အတွက် ဘယ်လို ဆက်လက် ရပ်တည်မလဲဆိုတာကိုလည်း မေးမြန်းခဲ့တယ်လို့ သိရပါတယ်။ NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးက ခုလိုပြောပါတယ်။
“သူတို့ ပူပန်တာပေါ့ဗျာ။ ပူပန်တယ်ဆိုတာက ကျွန်တော်တို့ကို အခုလို မကြာသေးခင်က အမိန့်ထုတ်တာနဲ့ ပတ်သက်လို့ ဒါတွေအကုန်လုံး ဖျက်သိမ်းပစ်မယ် ဘာညာ ပြောတယ်ပေါ့ဗျာ။ အဲဒီအပေါ်မှာ သူတို့ ရှေ့ဆက်ပြီးတော့မှ ဘာများ လုပ်ဦးမလဲလို့ ဒီလို သူတို့ ဘယ်လို ဖြစ်မလဲပေါ့၊ အဲဒါလေးတွေ ဆွဲပြီးတော့ ဒါကို သူတို့ ဆွေးနွေးတာပါ။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ ရပ်တည်ချက်ကတော့ ခါတိုင်း ပြောပြသလိုပါပဲ၊ ဒါ အဖွဲ့ချုပ်က ဒါ နိုင်ငံရေးပဲ ဆက်လုပ်နေတာပဲ။ ကျွန်တော်ကတော့ ဒီ ကျွန်တော်တို့ အဖွဲ့ချုပ် စတည်ထောင်တဲ့အချိန်က စပြီးတော့ နောက်ဆုံး ဒီနေ့အထိ ကျွန်တော်တို့ ဒီ အကန့်အသတ်၊ အချုပ်အချယ်၊ အနှိပ်အစက်တွေပေါ့ဗျာ၊ ဒါလေးတွေ အကျဉ်းပြောလိုက်ပြီးတော့ ဒီနေ့အထိလည်း ဒေါ်အောင်ဆန်းစုကြည်တို့ ဘာတို့ အချုပ်ထဲမှာ ရှိနေတာတွေအထိ ဖြစ်ခဲ့တာလေးတွေ ပြောလိုက်တယ်ပေါ့ဗျာ။”
ဒါ့အပြင် NLD ပါတီ လုပ်ဆောင်နေတဲ့ လူမှုရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့တဲ့ အပြင် လိုအပ်တဲ့ အကူအညီတွေကိုလည်း ပေးလိုကြောင်း ကမ်းလှမ်းလာတယ်လို့ သိရပါတယ်၊ ဒီကနေ့ ဆွေးနွေးပွဲမှာ အမေရိကန်ဖက်က အကြီးအကဲ ၆ ယောက် တက်ရောက်ပြီး NLD ပါတီဖက်က ဦးတင်ဦးနဲ့ ဦးနိုင်းနိုင်းတို့ တက်ရောက်ခဲ့ကြတာပါ။
ဒီတွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး RFA မှ ဦးတင်အောင်ခိုင်က အသေးစိတ် မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန် |