အမေရိကန်သံရုံး ဆန္ဒပြသူတွေကို ထောင်ဒဏ်ချမှတ်
2017.09.28

ရန်ကုန်မြို့ အမေရိကန်သံရုံးရှေ့မှာ ပြီးခဲ့တဲ့နှစ်က ဆန္ဒပြခဲ့တဲ့ အမျိုးသားရေး လှုပ်ရှားသူ ၄ ယောက်ကို နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)၊ ငြိမ်းချမ်းစွာစုဝေးခွင့် စီတန်းလှည့်လည်ခွင့်ဥပဒေ ပုဒ်မ ၁၉ နဲ့ ကမာရွတ် မြို့နယ် တရားရုံးက ဒီကနေ့ ထောင်ဒဏ် ၇ လစီ ချမှတ်လိုက်ပါတယ်။
နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့ ကမာရွတ်မြို့နယ် တရားရုံးက ပြစ်ဒဏ်ချမှတ်မယ်ဆိုတာ မထင်မှတ်ထားဘူးလို့ ပြစ်ဒဏ်ချမှတ်ခံရသူ တစ်ယောက်ဖြစ်တဲ့ ဦးဝင်းကိုကိုလတ်ရဲ့ အမျိုးသမီးဖြစ်သူ မရီနွယ်အောင်က ပြောပါတယ်။
"အမိန့်မချဘူးလို့ ထင်တာလေ ပထမတုန်းက ထင်ထားတာ ပြောတာ၊ ဒီ ၁၉ နဲ့ ငြိမ်းစုစီနဲ့ပဲ အမိန့်ချမယ်လို့ ထင်ထားတာ၊ မထင်ထားဘူး ၅၀၅ နဲ့ အမိန့်ချမယ်လို့၊ ဘာကြောင့်လဲဆိုတော့ ဒီဘင်္ဂါလီ အကြမ်းဖက်ကိစ္စတွေ ကလည်း တကယ်ကိုပေါ်ပေါက်နေတာလေ၊ နောက်ပြီးတော့ အခု ဦးဉာဏ်ဝင်း ကိုယ်တိုင် ပြောထားတယ်လေ၊ ဒီဘင်္ဂါလီပဲ ရှိတယ်ဆိုတာ ပြောထားတယ်၊ အဲ့အတွက် ဒီ ၅၀၅ နဲ့ အမိန့်မချဘူးလို့ ထင်ထားတာ၊ အခုချလိုက် တဲ့အတွက် တော်တော်တော့ အံ့သြတယ်၊ တရားသူကြီးကတော့ ပြောလိုက်တယ်၊ ချုပ်ရက်တွေကို ပူးတွဲခံစားစေ လို့တော့ ပြောလိုက်တယ်"
၂၀၁၆ ခုနှစ် ဧပြီလအတွင်းက ရခိုင်ပြည်နယ် စစ်တွေမြို့ သဲချောင်းဒုက္ခသည် စခန်းအနီးမှာ လှေတိမ်းမှောက်ပြီး သေဆုံးသွားသူတွေအတွက် စိတ်မကောင်းကြောင်း အမေရိကန်သံရုံးက ကြေညာချက် ထုတ်ပြန်ရာမှာ ရိုဟင်ဂျာ နာမည်ကို သုံးစွဲခဲ့တဲ့အတွက် မျိုးချစ်ရဟန်းတော်များသမဂ္ဂနဲ့ အမျိုးသားရေး တက်ကြွလှုပ်ရှားသူ ၃၀၀ လောက်ဟာ အမေရိကန်သံရုံးရှေ့မှာ ကန့်ကွက်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီ ဆန္ဒပြပွဲမှာ ဦးဆောင်ပါဝင်တဲ့ ဦးဝင်းကိုကိုလတ်၊ ဦးနိုင်ဝင်းထွန်း၊ ဦးသက်မျိုးဦးနဲ့ ဦးနေဝင်း အောင်တို့ကို အခုလို ပြစ်ဒဏ်ချမှတ်လိုက်တာဖြစ်ပေမယ့် အမှုတွဲဖြစ်တဲ့ သံဃာတော် ၃ ပါးကတော့ အမှုစစ်ဆေးတဲ့ အတောအတွင်း တရားရုံးကို ကြွရောက်မှု မရှိခဲ့ပါဘူး။
ဒီကနေ့ အပြီးသတ်ချမိန့်တဲ့နေ့မှာ ကမာရွတ်မြို့နယ် တရားရုံးကို အမျိုးသားရေး တက်ကြွလှုပ်ရှားသူ ၅၀ နီးပါး လာရောက်ခဲ့ကြပါတယ်။