နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ဖို့ အမေရိကန်နဲ့ အင်ဒိုနီးရှားသမ္မတတွေ တောင်းဆို
နိုင်ငံရေးအရ ဖမ်းဆီးထိန်းသိမ်း ထောင်ချထားတဲ့သူတွေအားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်နဲ့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုတို့ ပူးပေါင်းပြီး တောင်းဆိုလိုက်တယ်လို့ အိမ်ဖြူတော်က မနေ့က နိုဝင်ဘာလ ၁ ရက်မှာ ကြေညာလိုက်ပါတယ်။
စကော့တလန် ဂလပ်စ်ကိုမြို့က ကမ္ဘာ့ရာသီဥတုဆိုင်ရာထိပ်သီးအစည်းအဝေးရဲ့ပြင်ပမှာ သမ္မတ နှစ်ဦး တွေ့ဆုံဆွေးနွေးပြီးတဲ့နောက် မြန်မာနဲ့ပတ်သက်လို့ ထုတ်ပြန်ပြောဆိုလိုက်တာပါ။
မြန်မာပြည်မှာ စစ်တပ်ကအာဏာသိမ်းထားတဲ့အပေါ် စိုးရိမ်တဲ့အကြောင်း သမ္မတ နှစ်ယောက်စလုံးက ထုတ်ဖော်ပြောဆိုကြသလို၊ စစ်တပ်ရဲ့အကြမ်းဖက်လုပ်ရပ်တွေ ရပ်ဖို့၊ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ဖို့၊ ဒီမိုကရေစီစနစ်ဆီ ပြန်ရောက်အောင်ကြိုးစားမှုကို ကူညီကြဖို့ပြောဆိုခဲ့ကြတယ်လို့ အိမ်ဖြူတော်ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။
အာဆီယံရဲ့ကြိုးပမ်းအားထုတ်မှုကို ထောက်ခံတယ်လို့ အမေရိကန်သမ္မတ မစ္စတာဘိုင်ဒန်က ပြောတယ် လို့လည်း ဆိုပါတယ်။