ငြိမ်းချမ်းရေး ထိပ်သီးအစည်းအဝေး ခေါ်ယူဖို့ ALP အဆိုပြု
2019.08.22

တိုင်းရင်းသားတွေလိုလားပြီး အားလုံးသဘောတူတဲ့ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု စနစ်ပုံစံတစ်ခုရဖို့ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုအားလုံးပါဝင်တဲ့ ထိပ်သီး အစည်းအဝေး ခေါ်ယူကျင်းပသွားဖို့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP က ဒီနေ့ PPST အစည်းအဝေးမှာ အဆိုပြုလိုက်ပါတယ်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာကျင်းပတဲ့ NCA အပစ်ရပ် ၁၀ ဖွဲ့ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေး ဒုတိယနေ့မှာ တဖွဲ့ချင်းအလိုက် သုံးသပ်ဆွေးနွေးကြရာမှာ ALP က ထိပ်သီးအစည်းအဝေး ခေါ်ယူဖို့ တင်ပြလိုက်တာဖြစ်ပါတယ်။
ALP ရဲ့ တင်ပြချက်ကို တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ပြန်လည်ဆွေးနွေးတာမျိုး မရှိဘူးလို့ သိရပါတယ်။
အစိုးရဘက်ကတော့ ဒီနှစ်ကုန် ဒါမှမဟုတ် လာမယ့် နှစ်ဆန်း ဇန်နဝါရီလအတွင်း လေးကြိမ်မြောက် ၂၁ ရာစု ပင်လုံညီလာခံကို ကျင်းပနိုင်ဖို့ လျာထားပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးနေပါတယ်။ NCA လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေအနေနဲ့ အဲဒီညီလာခံမှာ ဘယ်လိုပုံစံနဲ့ ပါဝင်ခွင့်ရမယ်ဆိုတာကိုတော့ အစိုးရ ဘက်က အသေးစိတ်ထုတ်ဖော်ပြောဆိုထားတာ မရှိသေးပါဘူး။
NCA သဘောတူစာချုပ်အရ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပပြီးမှသာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ UPC ကို ကျင်းပဖို့ သဘောတူခဲ့ကြတာရှိပေမယ့်လည်း လက်ရှိမှာ ရခိုင်နဲ့ ရှမ်းတို့မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို ကျင်းပခွင့်မရသေးဘူးလို့လည်း ဆိုပါတယ်။
နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပခွင့်မရဘဲ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ အစည်းအဝေးတွေ လုပ်ဆောင်နေ တာဟာ NCA စာချုပ်ပါ အချက်အလက်တွေနဲ့ မညီညွတ်ဘူးလို့လည်း ဆက်ပြောပါတယ်။
ဒါကြောင့် NCA စာချုပ်အပေါ် အားလုံးအခိုင်အမာ ရပ်တည်ထားကြဖို့ လိုကြောင်း ALP က ဒီအစည်းအဝေးမှာ ထောက်ပြခဲ့ပါတယ်။
ရခိုင်ပြည်နယ် သံတွဲနဲ့ ကျောက်ဖြူမြို့နယ်တွေမှာ ဆွေးနွေးပွဲတွေ ကျင်းပနိုင်ဖို့အတွက် တင်ပြခဲ့ပေမယ့် ထိလွယ်ရှလွယ်ပြဿနာတွေရှိတာကြောင့် အချိန်ခဏစောင့်ပေးဖို့ဆိုပြီး အစိုးရဘက်က အကြောင်းပြခဲ့ရာကနေ ဒီနေ့ အချိန်အထိ မကျင်းပနိုင်ပဲဖြစ်နေတယ်လို့ ပြောပါတယ်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ မည်သို့သောအခါမှ ခွဲမထွက်ရဘူးဆိုပြီး ပိတ်ပင်လိုက်တာဟာ ဖိနှိပ်မှုတွေ၊ မညီမျှမှုတွေရှိလာရင်လည်း မခွဲထွက်ရဘူး ဆိုတဲ့ အာမခံချက်နဲ့ လက်မှတ်ထိုးခိုင်းတဲ့ သဘောဖြစ်နေတာကြောင့် ALP အနေနဲ့ လက်မခံကြောင်း၊ ဖိနှိပ်မှုကင်းတဲ့ တန်းတူမှုရှိတဲ့ တရားမျှတမှုရှိတဲ့ ဖက်ဒရယ်အခြေခံ မူနဲ့ ကိုက်ညီတဲ့ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုကို ဥမကွဲသိုက်မပျက် အတူတကွ တည်ဆောက်ဖို့ သဘောထားရှိကြောင်း တင်ပြခဲ့တယ်လို့လည်း သိရပါတယ်။
(RFA သတင်းထောက် ကိုအောင်မိုးမြင့် ပေးပို့သည်)