ကန် အရာရှိ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းတွေ သွားမည်
2018.10.19

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန တောင်အာရှနဲ့ အာရှအလယ်ပိုင်းရေးရာဗျူရိုရဲ့ အကြီးအကဲ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး၊ မစ္စအဲလစ်စ် ဝဲလ်စ် (Alice Wells) ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့မြို့တော် ဒါကာနဲ့ ကောက်ဘဇားပြည်နယ်ကို အောက်တိုဘာလ ၂၀ နဲ့ ၂၃ ရက်တွေ အတွင်းသွားရောက်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့ မနေ့က သတင်းထုတ်ပြန်ပါတယ်။
မစ္စ အဲလစ်စ် ဝဲလ်စ်ဟာ အောက်တိုဘာ ၂၁ ရက်နေ့မှာ မြန်မာနိုင်ငံက ထွက်ခွာလာတဲ့ ဒုက္ခသည်တွေနေထိုင်ရာ ကောက်ဘဇားဒေသက ဒုက္ခသည်စခန်းတွေကို သွားရောက်လည်ပတ်မယ်လို့ ဆိုပါတယ်။ အဲဒီမှာ သူဟာ ကုလသမဂ္ဂအဖွဲ့အစည်းတွေက အရာရှိတွေ၊ ဒေသဆိုင်ရာ အစိုးရအာဏာပိုင်တွေနဲ့ တွေ့ဆုံပြီး ဒုက္ခသည်တွေထံ အကူအညီတွေ အသေအချာ ရောက်ရှိရေးအတွက် ဆွေးနွေးမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အဲဒီခရီးစဉ်အတွင်း ဒုက္ခသည်တွေကိုလက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ သဘောထားကြီးမှုကို ထုတ်ဖော် ချီးကျူးမှာဖြစ်သလို မကြာခင်ကျင်းပဖို့ရှိတဲ့ ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲတွေကိုလည်း ထောက်ခံပံ့ပိုးသွား မှာဖြစ်တယ်လို့ ဆိုပါတယ်။
သူဟာ ဘင်္ဂလားဒေ့ရှ် အစိုးရ ထိပ်ပိုင်းအရာရှိတွေနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ဖို့၊ အင်ဒို ပစိဖိတ်ဒေသအတွင်း သာယာဝပြောရေး၊ လုံခြုံရေးနဲ့ ဆက်သွယ်ရေးကိစ္စတွေကို ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးသွားမယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။