ကမန်တိုင်းရင်းသားတွေအဖြစ် နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးနေတာကို ပြန်လည်စိစစ်ဖို့ ALD ပြော
2018.09.06

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှာ အစ္စလာမ်ဘာသာဝင်တွေကို ကမန်တိုင်းရင်းသားတွေ အဖြစ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက နိုင်ငံသားစိစစ်ရေးကတ်တွေ ထုတ်ပေးနေတာကို ပြန်လည်စိစစ်ပြီး ဖျက်သိမ်းပေးဖို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီက တောင်းဆိုလိုက်ပါတယ်။
နိုင်ငံသားစိစစ်ရေးကတ်တွေ ထုတ်ပေးနေတာကို ရမ်းဗြဲဒေသခံတွေက မလိုလားသလို ALD ပါတီအနေနဲ့လည်း မဖြစ်သင့်ဘူးယူဆတဲ့အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့ကို ပြန်လည်စိစစ်ပေးဖို့ စာပေးပို့ တောင်းဆိုထားတယ်လို့ရမ်းဗြဲမြို့နယ် ALD ပါတီဥက္ကဌ ဦးမြင့်လွင် က RFA ကို ဒီနေ့ ပြောပါတယ်။
"မနေ့ညနေ ၅ နာရီဝန်းကျင်လောက်ကို ကျနော် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပို့လိုက်ပါတယ်၊ မိတ္တူကတော့ ခရိုင်နဲ့ ALD ပါတီရဲ့ ဗဟိုရုံးချုပ်ကို ကျနော်ပို့လိုက်ပါတယ်၊ ဘင်္ဂါလီ မွတ်စလင်ကနေပြီးတော့ ကမန်တိုင်းရင်းသားဆိုပြီးတော့ တဖက်လှည့်နဲ့ မှတ်ပုံတင်ထုတ်ပေးတဲ့ကိစ္စကို တရားဥပဒေဘောင်အတွင်းကနေ ပြီးတော့ ဂဃနဏ စိစစ်ပြီးတော့ ဖြစ်စေချင်တာ၊ ရမ်းဗြဲမြို့နယ်အတွင်းမှာရှိတဲ့ ဒေသခံတွေအနေနဲ့ ဒီကိစ္စကို မလိုလားဘူးဖြစ်နေတယ်၊ ဘာလို့လဲဆို ဘင်္ဂါလီမွတ်စလင်တွေကနေပြီးတော့ ကမန်တိုင်းရင်းသားဆိုတဲ့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားဝင်ပြီးတော့ မှတ်ပုံတင်ထုတ်ပေးတဲ့ကိစ္စကတော့ ကျနော်တို့အနေနဲ့လည်း ဒါမဖြစ်သင့်ဘူးလို့ ယူဆပါတယ်၊ ဒါကြောင့် ကျနော်တို့ပါတီရဲ့အနေနဲ့ ဒါဟာနိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာနဲ့ နိုင်ငံသားတွေရဲ့ ဘေးထွက်ဆိုကျိုးအနေနဲ့ ဖြစ်လာမှာစိုးတဲ့အတွက် ကျနော်တို့ ပါတီကနေပြီးတော့ ဒါကို ကန့်ကွက်စာပေးပို့ရခြင်းဖြစ်ပါတယ်။ "
နေပြည်တော်က လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနတာဝန်ရှိသူတွေက ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းက ကျောက်နီမော်ကျေးရွာကို ရောက်လာပြီး ကမန်လူမျိုးမဟုတ်တဲ့ အစ္စလာမ်ဘာသာဝင် စုစုပေါင်း သုံးထောင့်သုံးရာကျော်ကို ကမန်တိုင်းရင်းသားတွေအဖြစ် နိုင်ငံသားစိစစ်ရေးကတ်တွေ ထုတ်ပေးခဲ့တာလို့ ပြောပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအခန်း ၈ မှာ နိုင်ငံသားနဲ့ နိုင်ငံသားတို့ရဲ့ အခွင့်အရေးကိုလည်းကောင်း၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအခန်း ၂ မှာ နိုင်ငံသားပြုခွင့်ရသူတွေကို နိုင်ငံသားအဖြစ် ဥပဒေနဲ့အညီ သတ်မှတ်ပြဋ္ဌာန်းထားတာကို တွေ့ရကြောင်း၊ အဲဒီအတွက် ဥပဒေနဲ့မညီဘဲ နိုင်ငံသားစိစစ်ရေးကဒ်ပြား ထုတ်ပေးနေတာကို တားဆီးရပ်တန့်ပေးဖို့ ALD ပါတီဘက်က တောင်းဆိုတာလို့ ဦးမြင့်လွင် က ပြောပါတယ်။