ပါတီထုတ်ပြန်ချက် တရား မဝင်ကြောင်း ALD အဖွဲ့ဝင်တွေ ရှင်းလင်းပြောကြား


2016.03.06

ရခိုင်ပြည်နယ်မှာ ဝန်ကြီးချုပ်နေရာကို ရခိုင်အမျိုးသားပါတီ ANP ရဲ့ လွှတ်တော် ကိုယ်စားလှယ်တွေထဲက မခန့်အပ်ခဲ့ဘူးဆိုရင် အတိုက်အခံပါတီအဖြစ် ရပ်တည်သွား မယ်ဆိုတဲ့ ကြေညာချက်ထုတ်ပြန်ခဲ့တာ တရားဝင်မဟုတ်တဲ့အကြောင်း ANP ထဲမှာပါဝင်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD အဖွဲ့ဝင်တွေ က ပြောကြားလိုက်ပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရခိုင်လူမျိုးတွေရဲ့အကျိုးစီးပွားနဲ့ စည်းလုံးညီညွတ်မှုကို ထိခိုက်စေတာကြောင့် အဲ့ဒီကြေညာချက်ကိုလက်မခံနိုင်ဘူးလို့ ANP ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဘက်က ဦးကျော်မြင့်က ပြောပါတယ်။

"ဒီကြေညာချက်တစ်ခုသည် ကျနော်တို့ရဲ့အမျိုးသားညီညွတ်ရေးကို ထိခိုက်စေတယ်၊ ကျနော်တို့ ရခိုင်ပြည်သူတွေရဲ့အကျိုးစီးပွားကိုလာထိခိုက်စေတဲ့ အတွက်ကြောင့် ကြေညာချက်သည် တရားမဝင်ဘူး၊ တစ်ဖတ်သတ် ထုတ်ပြန်ကြေညာတာဖြစ်တဲ့ အတွက် ကျနော်တို့ ANP၊ ALD အနေနဲ့ ဒါကို လက်မခံဘူး ဆိုတာကို ကျနော်တို့ တင်ပြချင်လို့ ဖြစ်ပါတယ်"

ဒါ့အပြင် အဲဒီကြေညာချက်မှာ UNA ညီညွတ်သောတိုင်းရင်းသား လူမျိုးများမဟာမိတ် အဖွဲ့နဲ့ မဟာမိတ်ဆက်ဆံရေး ဖြတ်တောက်လိုက်တယ်ဆိုတဲ့ ကိစ္စကိုလည်း ကန့်ကွက် တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလတွေတုန်းက ရခိုင်အမျိုးသားပါတီ ANP ရဲ့ ကြေညာချက်အမှတ် ၁/၂၀၁၆ နဲ့ ၂/၂၀၁၆ တို့ကို လက်မခံဘူးဆိုတဲ့ ကြေညာချက် တစ်စောင်ကိုလည်း ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်ဖက်က ဒီနေ့ သတင်းစာရှင်းလင်းပွဲကနေ ထုတ်ပြန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။