လေကြောင်းတိုက်ခိုက်မှုကြောင့် တီးတိန်မြို့ခံ ငါးထောင်ခန့် ထွက်ပြေးနေရ

RFA Burmese
2024.05.27
လေကြောင်းတိုက်ခိုက်မှုကြောင့် တီးတိန်မြို့ခံ ငါးထောင်ခန့် ထွက်ပြေးနေရ ချင်းပြည်နယ်၊ တီးတိန်မြို့အား ၂၀၂၄ ခုနှစ်၊ မေလ ၂၇ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ချင်းပြည်နယ်၊ တီးတိန်မြို့ကို မေလ ၂၇ ရက် ဒီနေ့မနက် စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ဒေသခံ ငါးထောင်ခန့် ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ အဲဒီထွက်ပြေးနေရသူတွေက ပြောပါတယ်။

တီးတိန်မြို့မှာ ဒေသကာကွယ်ရေး (PDF Zoland ) အပါအဝင် ချင်းညီနောင်ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ မေလ ၂၆ ရက်နေ့ ည ၁၀ နာရီကနေ ဒီနေ့မနက်ပိုင်းအထိ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က အခုလို လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲမဖြစ်ခင် ကြိုပြေးတဲ့ဒေသခံတွေရှိသလို ကျန်နေတဲ့ဒေသခံတွေလည်း ရှိနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"တိုက်ပွဲမဖြစ်ခင် တစ်ပတ်ခန့်က တချို့က ပြေးကြပြီ။ အဓိကတော့ စကောလမ်ရပ်ကွက်ဘက်မှာ နေတဲ့သူတွေ ကြိုပြေးကြတယ်။ တချို့လည်း တီးတိန်မြို့မှာ ကျန်သေးတယ်။ တစ်ဝက်လောက်တော့ ထွက်ပြေးမှာ အခုလည်း ပြေးနေတုန်းပေါ့"

ဒေသခံတွေဟာ စစ်ကိုင်းတိုင်း၊ ကလေးမြို့အပြင် နီးစပ်ရာကျေးရွာတွေဆီ ထွက်ပြေးနေရတာလို့ ဆိုပါတယ်။

လေကြာင်းနဲ့ ဗုံးကြဲမှုကြောင့် ဒေသခံတွေ ထိခိုက်မှုနဲ့ နေအိမ်ပျက်စီးတာရှိနိုင်ပေမဲ့ အရေအတွက်အတိအကျတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။

မေလ ၂၆ ရက်နေ့ကလည်း တီးတိန်မြို့နယ် မွောလ်ဘင်းကျေးရွာနဲ့ ဗန်တဲကျေးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ဒေသခံ နှစ်ဦးသေဆုံးပြီး ဒဏ်ရာရတဲ့သူတချို့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းစီမံချက်နဲ့ ၂၀၁၉ ခုနှစ်မှာ ကောက်ယူထားတဲ့ စာရင်းတွေအရ တီးတိန်မြို့နယ်မှာ လူဦးရေ တစ်သိန်းနီးပါး ( ၉၆,၆၂၄ ဦး) ရှိပြီး မြို့ပေါ်မှာ တစ်သောင်းခွဲကျော် (၁၅,၉၁၁ ဦး) နေထိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။