မြောက်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးရုံး ဗုံးကြဲတိုက်ခိုက်ခံရ
2024.05.24

ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့ကို မေလ ၂၄ ရက် ဒီနေ့မနက် ၁၀ နာရီခန့်မှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
လေးမြို့စား ရပ်ကွက်မှာရှိတဲ့ မြောက်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို ဗုံးနှစ်လုံးကြဲချခဲ့တာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။
“မနက် ၁၀နာရီလောက်မှာ စစ်ကောင်စီတပ်က ဂျက်လေယာဉ်နဲ့လာပြီး ဗုံးနှစ်လုံးကြဲခဲ့တယ်။ တစ်လုံးက ပေါက်ကွဲတယ်။ နောက်တစ်လုံးကတော့ မပေါက်ကွဲဘူး။ အဲဒီရုံးမှာ AA တပ်ဖွဲ့ဝင်တွေရှိတယ်ထင်လို့ ဗုံးလာကြဲတာထင်တယ်။ အခု ဒေသခံတွေကတော့ ထပ်ပြီးလာကြဲမှာကို ကြောက်နေကြတယ်”
အအောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ပေမဲ့ လူထိခိုက်မှု ရှိ၊ မရှိကိုတော့ လတ်တလောမှာ မသိရသေးဘူးလို့ သူက ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်ရဲ့ စစ်ကောင်စီ ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။
မေလ ၂၂ ရက်နေ့ကလည်း မင်းပြားမြို့နယ် နရမ်းကားဂိတ်နဲ့ ခေါင်းတုတ်ရွာဟောင်းကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ နှစ်ကြိမ်ဗုံးကြဲခဲ့လို့ ကိုရင်တစ်ပါး အပါအဝင် ဒေသခံဆယ်ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။