နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခံရမှု အကြိမ် ရှစ်ထောင်ကျော်ရှိလာ

RFA Burmese
2025.02.04
နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခံရမှု အကြိမ် ရှစ်ထောင်ကျော်ရှိလာ ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ စန်လွန်ရွှေမှော်အား စစ်ကောင်စီတပ်မှ ဗုံးကြဲပြီးနောက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့က တွေ့ရစဉ်။
Kachin News Group Photo

အာဏာသိမ်းကာလ လေးနှစ်အတွင်း နိုင်ငံအနှံ့က မြို့နယ်ပေါင်း ၁၆၂ ခုထက်မနည်းမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ရှစ်ထောင်ကျော် ရှိခဲ့တယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာလေ့လာရေးအဖွဲ့ (ISP-Myanmar) က ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ရှမ်းပြည်နယ်မှာ အကြိမ်ရေ ၁၇၀၀ ကျော်နဲ့ လေကြောင်းတိုက်ခိုက်မှု အများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်းက အကြိမ်ရေ ၁၃၀၀ နဲ့ ဒုတိယအများဆုံး ဖြစ်ပါတယ်။

ကရင်ပြည်နယ် ဖာပွန်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၇၃၀ ထက်မနည်းရှိခဲ့ပြီး ၁၆၂ မြို့နယ်ထဲမှာ အကြိမ်အရေအတွက် အများဆုံး တိုက်ခိုက်ခံရတဲ့ မြို့နယ်ဖြစ်တယ်လို့ ISP-Myanmar က ဖော်ပြပါတယ်။

စစ်ကောင်စီဟာ တိုင်းစစ်ဌာနချုပ် နှစ်ခုအပါအဝင် မြို့ရွာတွေနဲ့ နယ်မြေအများအပြားကို လက်လွှတ်ဆုံးရှုံးထားရတာကြောင့် မြေပြင်ထိုးစစ်တွေ မလုပ်နိုင်တော့ဘဲ လေကြောင်းကနေ နေ့စဉ်တိုက်ခိုက်နေတာလို့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းတိုက်မှုတွေကို တိုးလုပ်နေပေမဲ့ လေကြောင်းအရေးသာမှုဟာ နယ်မြေစိုးမိုးမှုအတွက် အဓိကမကျဘူးလို့ စစ်တပ်အရာရှိဟောင်း တစ်ဦးက RFA ကို ပြောပါတယ်။

“စစ်ဆင်ရေးမှာ လေကြောင်းတိုက်ခိုက်မှုက ဘယ်လောက်ပဲ အားကောင်းနေပါစေ မြေပိုင်မှ စစ်နိုင်တာမို့ ခြေလျင်တပ်တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည်နဲ့ နယ်မြေတိုးချဲ့သိမ်းယူနိုင်ရေးဟာ အဓိကပါပဲ”

စစ်ကောင်စီတပ်ဟာ စစ်ရေးပစ်မှတ်တင်မဟုတ်ဘဲ အရပ်သားတွေကိုလည်း လေကြောင်းကနေ အကြိမ်ကြိမ် ပစ်မှတ်ထား တိုက်ခိုက်နေတာကြောင့် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) အပါအဝင် နိုင်ငံတကာက အရေးယူပေးဖို့ အရပ်ဘက် အဖွဲ့အစည်းတွေက တောင်းဆိုထားကြပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

RFA ရဲ့ စာရင်းတွေအရ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၁,၇၆၉ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၃,၇၂၀ ဦး ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။