ကန့်ဘလူမှာ ဖမ်းဆီးခံရတဲ့ ဒေသခံ ၃၇ ဦး သုံးရက်ကြာတဲ့အထိ ပြန်မလွတ်သေး
2024.11.01

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အိုင်ပေါင်းချောင်ရွာခံ ၃၇ ဦး သုံးရက်ကြာတဲ့အထိ ပြန်မလွတ်သေးဘူးလို့ ဒေသခံတွေက နိုဝင်ဘာလ ၁ ရက်နေ့မှာ RFA ကို ပြောပါတယ်။
အမျိုးသမီး သုံးဦး အပါအဝင် လူလတ်ပိုင်းအရွယ်တွေ အများစုပါဝင်တဲ့ အိုင်ပေါင်းချောင်ရွာခံ ၃၇ ဦးကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့က အောက်တိုဘာလ ၃၀ ရက်နေ့မှာ ဖမ်းဆီးပြီး ကန့်ဘလူမြို့ အခြေစိုက် အမှတ် (၆၀၀၆) အမြောက်တပ်ရင်းကို ခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။
အိုင်ပေါင်းချောင်ရွာခံ အမျိုးသမီးတွေက အမှတ် (၆၀၀၆) အမြောက်တပ်ရင်းအထိ လိုက်သွားပြီး အဝတ်အစားတချို့ သွားပေးကြပေမဲ့ ဖမ်းဆီးခံထားရသူတွေနဲ့ လူချင်းတွေ့ခွင့်တော့ မရခဲ့ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အိုင်ပေါင်းချောင်ရွာခံ တစ်ဦးက RFA ကို ပြောပါတယ်။
“အသက် ၁၈ နှစ်နဲ့ ၃၅ ကြားက အယောက် နှစ်ဆယ်ကျော်လောက်ပါတယ်။ ၄၅ နှစ်လောက်က လေး၊ ငါးယောက်လောက်ပါတယ်။ ပြီးတော့ မိန်းကလေး သုံးယောက်ထဲမှာ ၁၆ နှစ်လောက်ရယ်၊ ၂၀ ဝန်းကျင်လောက်ရယ်၊ ၄၀ ကျော် တစ်ယောက်ရယ်။ ပေါ်တာဆွဲတဲ့သဘော ၆၀၀၆ တပ်ကို ခေါ်သွားတယ်။ မနေ့ကတော့ ရွာကအမျိုးသမီးတွေ သွားပြီးတော့ အဝတ်အစားလေးတွေ သွားပေးကြတယ်။ လူတော့ မတွေ့ရဘူး”
အခုလို လူအရေအတွက် အများအပြား ဖမ်းဆီးခံလိုက်ရတာကြောင့် အိုင်ပေါင်းချောင်ရွာက ရွာခံတွေ နေအိမ်တွေမှာ မနေရဲကြတော့ဘဲ ဘေးကင်းမဲ့နေရာတွေကို ရွှေ့ပြောင်းနေထိုင်နေကြတယ်လို့ သူက ပြောပါတယ်။
နိုဝင်ဘာလ ၁ ရက် ဒီနေ့မနက်မှာလည်း စစ်ကောင်စီအထိုင်ချတပ်စွဲထားတဲ့ ကာဘိုးရွာနဲ့ နှစ်မိုင်ကျော်ဝေးတဲ့ ဝက်တိုး (တောင်) ရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့နေပြီး ရွာခံတချို့လည်း ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
အောက်တိုဘာလ ၂၆ ရက်နေ့က ကာဘိုးရွာက စစ်ကောင်စီအထိုင်ချထားတဲ့ နေရာတစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားတွေ သေဆုံးမှုရှိခဲ့တယ်လို့ ကန့်ဘလူ ဒေသခံတွေက ပြောပါတယ်။
အဲဒီနောက် အောက်တိုဘာလ ၃၀ ရက်နေ့မှာတော့ တိုက်ပွဲဖြစ်တာ မရှိဘဲ စစ်ကောင်စီတပ်ဟာ ကာဘိုးရွာ အနီးတစ်၀ိုက် ရွာတွေကို ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်တာအပြင် ကျောက်တိုင်နဲ့ ကျီစု ရွာနှစ်ရွာကို ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။
မီးရှို့ဖျက်ဆီးမှုကြောင့် ဘာသာရေးအဆောက်အအုံတွေ အပါအဝင် နှစ်ရွာပေါင်းက နေအိမ်လေးရာထက်မနည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။