တောင်ပြုံးပွဲနဲ့ ပွဲတော်အားလုံး ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း
2017.07.30
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်မှာ ကျင်းပတဲ့ တောင်ပြုံးပွဲတော်အပါအဝင် တိုင်းအတွင်း ကျင်းပမယ့် ပွဲတော်အားလုံးကို ရာသီတုပ်ကွေး A(H1N1) ရောဂါ ထိန်းချုပ်နိုင်တဲ့ ကာလအထိ ပွဲကျင်းပခွင့်ရွှေ့ဆိုင်း လိုက်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဒီနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
ရောဂါပျံနှံ့မှုကို ကြိုတင်ကာကွယ်တဲ့ နည်းနဲ့သာ တားမြစ်နိုင်မှာဖြစ်တဲ့အတွက် အခုလို ခွင့်ပြုမိန့် ပိတ်သိမ်းတာဖြစ် တယ်လို့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ပြောပါတယ်။
"မန္တလေးကနေ တနေရာတွေကို တောင်ပြုံးကနေ တခြားနေရာတွေ ပျံ့နှံ့သွားမှာကို အဖြစ်မခံနိုင်ဘူး၊ ကျနော်တို့က တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားအတွက် ကျန်းမာရေးရှုထောင့်ကနေ ကျနော်တို့က ပိတ်ကိုပိတ်ရမယ်၊ အဲ့ဒါကြောင့်မို့ တောင်ပြုံးပွဲကို ကျနော်တို့ ပိတ်လိုက်လို့ရှိရင် နောက်ပိုင်း ပွဲတွေကိုလည်း ကျနော်တို့ ကြည့်ရဦးမယ်၊ H1N1 ရောဂါကင်းစင်ပြီဆိုတဲ့အချိန်အထိ ကျနော်တို့စောင့် ကြည့်မယ်"
မန္တလေးတိုင်းအစိုးရအဖွဲ့ရုံးမှာ တိုင်းအစိုးရအဖွဲ့၊ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနအဖွဲ့နဲ့ တောင်ပြုံးပွဲတော်ကျင်း ပရေးကော်မတီတို့ ဒီနေ့တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
ဒါ့အပြင် တောင်ပြုံးကျေးရွာ အနီးတဝိုက်နဲ့ မတ္တရာမြို့နယ်အတွင်းမှာရှိတဲ့ စာသင်ကျောင်းတွေကိုလည်း ယာယီ ပိတ်ထားဖို့လိုအပ်လာရင် ပိတ်သွားမယ်လို့ ဆိုပါတယ်။
မနက်ဖြန် ဇူလိုင်လ ၃၁ ရက်နေ့မှာ ကျင်းပမယ့် တောင်ပြုံးပွဲတော်ကို အနယ်နယ်အရပ်ရပ်က ဈေး သည်တွေရောက်ရှိနေကြပြီဖြစ်သလို ပွဲတော်ဧရိယာ အတွင်း ရောက်ရှိနေသူတွေကို မန္တလေးတိုင်းအစိုးရအဖွဲ့က ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။
အဲဒီလိုစစ်ဆေးရာမှာ ရာသီတုပ်ကွေး A(H1N1) ကူးစက်ခံရသူတွေ့ရှိရင် မန္တလေးပြည်သူ့ဆေးရုံကြီးမှာ ကုသပေးနိုင်အောင် ကြိုတင်စီစဉ်ထားတယ်လို့လည်း သိရပါတယ်။