၆လအရွယ် ကလေးတစ်ဦးအပါအဝင် ငါးဦး H1N1 ကြောင့် သေဆုံး


2019.06.20
h1n1-health-press-622.jpg နေပြည်တော် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရုံးမှာ ၂၀၁၉ ဇွန် ၂၀ ရက်နေ့ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ H2N1 ရာသီတုပ်ကွေးရောဂါနဲ့ ပတ်သက်ပြီး ရှင်းပြနေစဉ်
Photo: Thiha Tun/RFA

ရာသီတုပ်ကွေးရောဂါ H1N1 ကြောင့် ၆ လအရွယ် ကလေးငယ်တစ်ဦးအပါအဝင် သေဆုံးသူ ငါးဦး အထိရှိလာပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဒေါ်သီတာလှ က ဒီနေ့ ပြောပါတယ်။

တနိုင်ငံလုံးမှာ ရာသီတုပ်ကွေးရောဂါ H2N1 ပိုးတွေ့ရှိသူ ၂၂ဦးရှိပြီး ရန်ကုန်တိုင်းက လေးဦးနဲ့ စစ်ကိုင်းတိုင်းက တဦး စုစုပေါင်း ငါးဦး သေဆုံးတယ်လို့ ဒီကနေ့ နေပြည်တော်က ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဒေါ်သီတာလှ က ပြောပါတယ်။

ရောဂါဖြစ်ပွားသူတွေဟာ ရန်ကုန်တိုင်းက အများဆုံးဖြစ်ပြီး ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်း တို့မှာလည်း တွေ့ရသလို အသက် ၁၅ နှစ်နဲ့ ၆၅ နှစ်ကြား အဖြစ်များတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ရောဂါဖြစ်ပွားတဲ့သူတွေအတွက် ရန်ကုန်ဆေးရုံကြီး အပါအဝင် ဆေးရုံကြီးတွေမှာ ဆေးဝါးအပါအဝင် ပြင်ဆင်မှုတွေပြုလုပ်ထားတယ်လို့လည်း ပြောပါတယ်။

ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ဉာဏ်ဝင်းမြင့်က လေဆိပ်တွေ၊ နယ်စပ်တွေမှာ ရောဂါအတွက် ကြိုတင်ပြင်ဆင်ထားပုံကို အခုလိုပြောပါတယ်။

ဒါ့အပြင် အသက်အရွယ်ကြီးရင့်သူတွေ၊ ရောဂါအခံရှိသူတွေ၊ ကလေးသူငယ်တွေအနေနဲ့ ဂရုစိုက်သင့်ပြီး အဟာရပြည့်ဝစွာစားသုံးတာ၊ အိပ်ရေးဝအောင် အိပ်စက်တာတွေ ဆောင်ရွက်ရမယ်လို့လည်း သတိပေးပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က H1N1 ကြောင့် နှစ်လအတွင်း သေဆုံးသူ ၃၆ ဦးရှိခဲ့ပြီး ရောဂါဖြစ်ပွားတယ်လို့ သံသယရှိသူတွေ့ရင် နီးစပ်ရာဆေးရုံကို အကြောင်းကြားဖို့ လိုအပ်တယ်လို့ သတိပေးထားပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် နဲ့ ကိုသီဟထွန်းတို့ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။