တောင်ပြုံးပွဲ ဆိုင်ခန်းတွေ မနက်ဖြန် နောက်ဆုံးထား ဖျက်ရမည်
2017.08.01
တောင်ပြုံးပွဲတော် ကျင်းပမယ့်ရက် ပြောင်းရွှေ့လိုက်တာကြောင့် ပြင်ဆင်ထားတဲ့ ဈေးဆိုင်ခန်းတွေကို မနက်ဖြန် သြဂုတ် ၂ ရက်နေ့ နောက်ဆုံးထားပြီး ဖျက်ပေးဖို့ လိုက်လံနှိုးဆော်နေပြီး ဆိုင်ခန်းခတွေကို ပုံစံ ၃မျိုးနဲ့ ပြန် ထုတ်ပေးနေတယ်လို့ သိရပါတယ်။
ပွဲတော်အတွင်းဖွင့်ထားတဲ့ ဆိုင်ခန်းတွေအတွက် အမျိုးအစား ၃ မျိုးခွဲပြီး ဆိုင်ခန်းခတွေ ပြန်ထုတ်ပေး မှာဖြစ်တယ်လို့ တောင်ပြုံးပွဲတော် ကျင်းပရေးကော်မတီ ဥက္ကဌ ဦးခင်မောင်ဆွေက ပြောပါတယ်။
"အဲ့ဒါကိုလေ ၃ မျိုး ၃ စားခွဲခြားပြီးတော့ ဆောင်ရွက်နေတယ်။ တချို့ကလည်း ဆိုင်ခန်းကြေးတဝက် ကိုလေ ပေးထားတာပေါ့။ စရံအနေနဲ့ပေးထားတာ။ သူတို့က အဲ့ဒါကို မယူတော့ဘူး၊ လာမယ့်နှစ် စရန်ငွေအဖြစ် သတ်မှတ်ပေးလိုက်တာပေါ့နော်။ တချို့ကျတော့လည်း ငွေများလို့ရှိရင် တဝက်တော့ မယူတော့ဘူး၊ လာမယ့်နှစ်စရံအတွက်ဆိုပြီး ၅ သောင်းလောက်ချန်ပြီးတော့ ပြန်ထုတ်ပေးပါ တယ်။ နောက်တင်ဒါစနစ် အောင်ထားတဲ့သူတွေကျတော့ အကုန်လုံးပြန်ထုတ်ပေးဖို့ပါပေါ့။ အဲ့ဒါတော့ အားလုံးပွဲပြီးတဲ့အချိန်မှ ဆောင်ရွက်လို့ရမှာလေ"
ပွဲတော်အတွင်းမှာ နတ်နန်းပေါင်း ၅၀၀၊ ဆိုင်ခန်းအကြီးပေါင်း ၅၀၀ ကျော်၊ ဆိုင်ခန်းအသေး ၃၇၀ ရှိပြီး အဲဒီဆိုင်ခန်းတွေကို ဖျက်နေတာ ဒီနေ့မှာဆိုရင် ၇၀ ရာခိုင်နှုန်းလောက် ပြီးသွားပြီလို့လည်း သိရပါတယ်။
တောင်ပြုံးပွဲတော် ကျင်းပတဲ့ရက်ဟာ ရိုးရာဓလေ့အယူအဆအရ သတ်မှတ်ထားတဲ့ရက်မှာ ကျင်းပရမှာဖြစ် တာကြောင့် နတ်နန်းမိသားစုနဲ့ ဒေသခံတွေ ပူးပေါင်းပြီး လိုအပ်တာတွေ လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။
တောင်ပြုံးပွဲတော် ကျင်းပမယ့်ရက် အကန့်သတ်မရှိ ရွှေ့ပြောင်းပြီးတဲ့နောက်မှာတော့ တောင်ပြုံးပွဲတော်ကို လာမယ့်လမ်းတွေမှာ ပိတ်ဆို့ပြီး ပွဲတော်လာတဲ့သူတွေကို တားမြစ်နေတယ်လို့လည်း ပြောပါတယ်။
တောင်ပြုံးပွဲတော်ကို နှစ်စဉ်ဝါခေါင်လဆန်း ၈ ရက်ကနေ ဝါခေါင်လပြည့်နေ့အထိ နှစ်တိုင်းကျင်းပနေတာဖြစ် ပါတယ်။
လက်ရှိအခြေအနေမှာ ရာသီတုပ်ကွေး H1N1 ဖြစ်ပွားတာတွေ ရှိနေတာကြောင့် ရောဂါထိန်းချုပ်ဖို့အတွက် ပွဲတော်ကျင်းပမယ့်ရက်ကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းဖို့ မန္တလေးတိုင်းဒေသကြီးအစိုးရက ဇူလိုင် ၃၀ ရက်နေ့မှာ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။