A(H1N1) ရောဂါကာကွယ်ဆေး ထိုးကြဖို့နဲ့ အလွန်အမင်း မစိုးရိမ်ကြဖို့ တိုက်တွန်း
2017.07.24

ရာသီတုပ်ကွေးရောဂါ A(H1 N1) ပိုးမကူးစက်နိုင်အောင် ပြည်သူတွေအနေနဲ့ ကာကွယ်ဆေးကိုအပြင်မှာသာ ဝယ်ထိုးရမှာဖြစ်ပြီး ကုသလို့ရတဲ့ရောဂါဖြစ်တဲ့အတွက် အလွန်အမင်း မစိုးရိမ်ကြဖို့ ရန်ကုန်တိုင်း ကျန်းမာရေးဦးစီး ဌာန တာဝန်ရှိသူတွေက ပြောပါတယ်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးနဲ့ ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီးမှာ A(H1N1) ပိုး ကူးစက်ခံထားရသူ ၃ ဦးကို ဆေးဝါးကုသပေးနေတဲ့အကြောင်း ဒီနေ့ ရန်ကုန်မြို့မှာရှိတဲ့ တိုင်းကျန်းမာရေး ဦးစီးဌာနရုံးမှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဦးဝင်းလွင် က ပြောပါတယ်။
ရောဂါကာကွယ်ဆေးကို တစ်နှစ်တစ်ခါ ထိုးရမှာဖြစ်ပြီး လတ်တလောမှာတော့ ကာကွယ်ဆေး ပြတ်တောက်နေ တယ်လို့ သိရပါတယ်။
A(H1N1) ပိုး ကူးစက်ခံထားရသူ ၃ ဦးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးနဲ့ ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ် ကြီးတွေမှာ ဆေးကုသပေးနေပြီး ချင်းပြည်နယ် မတူပီမြို့မှာ ရောဂါပိုးတွေ့ထားသူ ၁၀ ဦးရှိခဲ့ပြီး ၁ ဦး သေဆုံး ထားတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ သတင်းထုတ်ပြန်ထားပါတယ်။ ချင်းပြည်နယ်မှာ သေဆုံးသူတစ်ဦးဟာ A(H1N1) ကြောင့်လို့ ယတိပြတ်ပြောလို့ မရကြောင်းလည်းဆိုပါတယ်။
ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ နေပြည်တော်တို့မှာ နေထိုင်ကြတဲ့ ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦး၊ ၃၅ နှစ် နဲ့ ၂၂ နှစ်အရွယ် အမျိုးသမီးနှစ်ဦးတို့မှာ ရောဂါပိုးတွေ့ရှိထားတာ ဖြစ်ပြီး ရန်ကုန်မှာ ဆေးကုသမှုခံယူနေရတာ ဖြစ်ပါတယ်။
အဲဒီရောဂါဟာ မြန်မာနိုင်ငံမှာ ၂၀၁၀ ခုနှစ်က စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး နှစ်စဉ်နီးပါး ဖြစ်နေကျဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ ၂ ဦးရဲ့အခြေအနေမှာ သက်သာမှု မရှိသေးပေမယ့် ရန်ကုန် အထွေထွေရောဂါကုဆေးရုံသစ်ကြီးမှာ ကုသမှုခံယူနေသူ ၁ ဦးကတော့ သက်သာနေပြီဖြစ်တယ်လို့ ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အဲဒီရောဂါပိုးရဲ့ လက္ခဏာတွေဟာ သာမန်တုပ်ကွေးလိုမျိုး ချောင်းဆိုးတာ၊ အဖျားတက်တာ၊ နှာရည်ယိုတာ၊ ခေါင်း ကိုက်၊ ကိုယ်/လက်ကိုက်တာမျိုးတွေဖြစ်တယ်လို့လည်း သိရပါတယ်။
ကြိုတင်ကာကွယ်တဲ့အနေနဲ့ လူထူထပ်တဲ့နေရာတွေကို မလိုအပ်ဘဲ သွားတာမျိုးတွေကို ရှောင်တာ၊ နှာခေါင်းစည်း ကို လုံခြုံစွာစည်းထားတာ၊ ပစ္စည်းတစ်ခုခု ကိုင်ပြီးရင် လက်ကို ဆေးကြောတာ၊ လက်ကိုင်ပဝါအုပ်ပြီး ချောင်းဆိုး တာ၊ နှာချေတာတွေ ပြုလုပ်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။
ရာသီတုပ်ကွေးရောဂါပိုးဟာ ကမ္ဘာမှာ စဖြစ်တုန်းက ဝက်တုပ်ကွေးအနေနဲ့ ဖြစ်ပွားခဲ့ပေမယ့် နောက်ပိုင်းမှာ လူတွေမှာသာဖြစ်တတ်တဲ့ တုပ်ကွေးအနေနဲ့ တွေ့ရတယ်လို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲက ပြောပါတယ်။