NLD ရှမ်းပြည် စည်းရုံးရေးခရီးမှာ ဒုတိယ ပင်လုံညီလာခံခေါ်ရေး သဘောတူညီမှုရခဲ့

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအုန်းကြိုင်နဲ့ စီအာပီပီ အတွင်းရေးမှူး ဦးအေးသာအောင်တို့ ဦးဆောင်တဲ့ အဖွဲ့ဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း စည်းရုံးရေးခရီး အောင်မြင်ပြီးဆုံးသွားပြီး နိုဝင်ဘာ ၁ ရက် ဒီကနေ့တော့ တောင်ကြီးမြို့ကို ပြန်နေကြပြီလို့ သိရပါတယ်။

2010.11.01

ခရီးစဉ်အတွင်း ဒေသတွင်းက အဲန်အယ်ဒီအဖွဲ့ဝင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တချို့နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး ရွေးကောက်ပွဲ သပိတ်မှောက်ရေးနဲ့ ဒုတိယအကြိမ် ပင်လုံညီလာခံခေါ်ယူရေး စတဲ့ကိစ္စတွေ မှာ သဘောတူညီမှုတွေ ရခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီအဖွဲ့မှာ အဖွဲ့ဝင်တွေအဖြစ် ရှမ်းပြည်နယ် ကော်မတီဝင်လည်းဖြစ် တောင်ကြီးမြို့နယ် စည်းအတွင်းရေးမှူး ဒေါ်ခင်မိုးမိုး၊ မကွေးတိုင်း စည်းအတွင်းရေးမှူး ဦးကြည်စိုးနဲ့ ဗဟိုလူငယ်တာဝန်ခံ ကိုမြင့်ဌေးတို့ ပါဝင်ကြပြီး တွေ့ဆုံ ဆွေးနွေးပွဲတွေကိုတော့ အောက်တိုဘာလ ၂၉ ရက်ကစပြီး ကျိုင်းတုံ၊ တာချီလိတ်နဲ့ မိုင်းဖြတ်စတဲ့ မြို့တွေမှာ ပြုလုပ်ခဲ့တာပါ။ အောက်တိုဘာလ ၃၁ ရက် မနေ့က နောက်ဆုံး ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲကို ကျိုင်းတုံမြို့မှာ ကွယ်လွန်သွားပြီ ဖြစ်တဲ့ ရှမ်းပြည်နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဖတ်တားရဲ့ နေအိမ်မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

ဆွေးနွေးဖြစ်ခဲ့ကြတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်ပြီး ဦးအုန်းကြိုင် အခုလို ပြောပြပါတယ်။

“ကျိုင်းတုံမှာ အဓိက ဆွေးနွေးတာကတော့ အဖွဲ့ချုပ်ကဲ့ ဆက်လက်ရပ်တည်နေတဲ့ အနေအထားနဲ့ နောက် တိုင်းရင်းသားများနဲ့ တစုတဝမ်းတည်း ရှေ့ဆက်လက်ပြီးတော့ အဖွဲ့ချုပ်ရဲ့ ရှေ့စည်းရုံးရေး လုပ်ငန်းတွေကို ဆက်လက်ပြီး ဆောင်ရွက်သွားမည့်အကြောင်း၊ နောက် ရွေးကောက်ပွဲ သပိတ်မှောက်ရတဲ့ အကြောင်းရင်း၊ အဲဒါတွေကို ရှင်းပြတာပေါ့ဗျား၊ နောက် ကျနော်က မကြာသေးခင်က ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေးဆိုတဲ့ ဆုံးဖြတ်ချက်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၁၉၈၉ ခုနှစ် ပင်လုံ အဓိဌာန်စာတမ်းထဲက ဖော်ပြထားခဲ့တဲ့ ရည်ရွယ်ချက်ဖြစ်တဲ့အကြောင်း အဲဒီ ရည်ရွယ်ချက် ဖြစ်သွားပြီးတော့ အဖွဲ့ချုပ်ကလည်း တစိုက်မတ်မတ် ဆက်လက်ပြီး ကြိုးပမ်းခဲ့တဲ့အကြောင်း တိုင်းရင်းသားများကလည်း အဲဒီအပေါ်မှာ တညီတညွတ်တည်း ရပ်တည်ပြီးတော့ ရှေ့လုပ်ငန်းစဉ်များကို အပြည့်အဝ ထောက်ခံတဲ့အကြောင်း သူတို့နဲ့ ကျနော်တို့ အဖွဲ့ဝင်တွေနဲ့ တစိတ်တဝမ်းတည်းပဲ စစ်မှန်တဲ့ ပြည်တောင်စု ဒီမိုကရေစီ နိုင်ငံသစ်ကြီး ပေါ်ထွန်းရေးအတွက် ပင်လုံမူကို အခြေခံပြီးတော့ တွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်းနဲ့ ကြိုးပမ်းသွားကြဖို့ ဆန္ဒရှိတဲ့အကြောင်း အဲဒါတွေ ဆွေးနွေးကြပါတယ်။”

တွေ့ဆုံဆွေးနွေးပွဲမှာ အက်စ်အဲန်အယ်လ်ဒီအဖွဲ့ဝင် ဦးဆူလဖုန်း၊ မိုင်းယန်းလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလွန် (၁) နဲ့ ဝ အမျိုသားအဖွဲ့ဝင်တွေ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်နယ် စည်းအဖွဲ့ဝင်တွေနဲ့ အဖွဲ့ချုပ်လူငယ် အဖွဲ့ဝင် ၃၀ လောက်ပါ တက်ရောက် ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။

စီအာပီပီအတွင်းရေးမှူး ဦးအေးသာအောင်ကလည်း စီအာပီပီရဲ့ ဆုံးဖြတ်ချက်ဖြစ်တဲ့ စစ်မှန်တဲ့ ပြည်တောင်စု ဖယ်ဒရယ် ပြည်တောင်စု ပေါ်ပေါက်ရေးအတွက် အဲန်အယ်လ်ဒီနဲ့ ဆက်လက် ကြိုးပမ်းသွားမဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့သလို တိုင်းရင်းသားတွေကလည်း အတူလက်တွဲ ဆောင်ရွက်သွားကြဖို့ စဉ်းစားထားကြတဲ့ အကြောင်း ပြန်လည်ပြောဆိုပြီး သဘောတူညီမှုတွေ ရခဲ့ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စနေ့နေ့ကလည်း ဦးအုန်းကြိုင်နဲ့အဖွဲ့ဟာ မိုင်းဖြတ်မြို့က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့သလို တာချီလိတ်မြို့မှာလည်း မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဇွန်ဆိုင်း ၊ မြို့နယ် စည်းရုံးရေးကော်မတီဥက္ကဋ္ဌ ဦးအေးမောင်၊ အဖွဲ့ဝင် ဦးဝင်းမောင်တို့အပါအဝင် အဲန်အယ်လ်ဒီအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ကြပြီး နိုင်ငံရေးနဲ့ ရှေ့လုပ်ငန်းစဉ်တွေ၊ ရွေးကောက်ပွဲကို သပိတ်မှောက်တဲ့ ကိစ္စတွေကို ပြောဆိုဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီရှမ်းပြည်နယ် အရှေ့ပိုင်း လာရောက်ခဲ့တဲ့ ခရီးစဉ်ဟာ အောင်မြင်မှုရရုံသာမက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖို့ အားသစ်လောင်းပေးလိုက်သလို ခံစားရကြောင်း ဦးအုန်းကြိုင်က ပြောပါတယ်။

“ရှမ်းပြည် အရှေ့ပိုင်းခရီးစဉ်မှာ အောင်မြင်တယ်လို့ ကျနော်တို့ သုံးသပ်ပါတယ်၊ အထူးသဖြင့် တာချီလိတ်မြို့မှာ ကျနော်တို့နဲ့ အလွန်ဝေးလံတဲ့ အဆက်အသွယ် အလွန်ခက်ခဲနေပေမဲ့လို့ ကျနော်တို့ ဒီက တိုင်းရင်းသား အဖွဲ့ ဝင်တွေနဲ့ တိုင်းရင်းသားထုဟာ အဲန်အယ်လ်ဒီ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှု အောက်မှာ ဆက်လက်ပြီး တော့ ခိုင်ခိုင်မာမာ ရပ်တည်နေတာကို တွေ့ရတဲ့အတွက် ကျနော်တို့ အလွန်အားတက်ပါတယ်၊ လမ်းပန်းဆက် သွယ်မှုကတော့ အလွန်ခက်ခဲပါတယ်၊ ဒါပေမဲ့ ခရီသွားလာမှု နှောင့်နှေးပေမဲ့လို့ ဒီမှာတိုင်းရင်းသားတွေနဲ့တွေ့ တဲ့အခါ သူတို့ရဲ့တက်တက်ြွကြွက ကြိုဆိုမှုကော သူတို့ကတခဲနက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှု အောက်မှာ ခိုင်ခိုင်မာမာရှိနေတာတွေ့ရတော့ ကျနော်တို့ ပိုပြီးတော့တောင် အားတက်မိတယ်လို့ ကျနော် ပြောချင်ပါတယ်။”

ဦးအုန်းကြိုင်၊ ဦးအေးသာအောင်နဲ့ အဖွဲ့ဟာ ဒီကနေ့ ကုန်းလမ်းခရီးနဲ့ ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ကို သွားနေကြပြီး အဲဒီကတဆင့် နမ့်စမ်မြို့ဖက်ကို ခရီးဆက်ဖို့ရှိကြောင်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။