အာဏာသိမ်း သုံးနှစ်ကျော်အတွင်း အမျိုးသမီး ၇၅၄ ဦး သေဆုံးခဲ့ကြောင်း BWU ပြော

RFA Burmese
2024.02.26
အာဏာသိမ်း သုံးနှစ်ကျော်အတွင်း အမျိုးသမီး ၇၅၄ ဦး သေဆုံးခဲ့ကြောင်း BWU ပြော ၂၀၂၁ ဇူလိုင်လ ၁၅ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ စစ်အာဏာရှင် ဆန့်ကျင်ရေး အမျိုးသမီးသပိတ်စစ်ကြောင်း ဆန္ဒပြခဲ့စဥ်။
Citizen Journalist

အာဏာသိမ်း သုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်ကြောင့် နိုင်ငံတစ်ဝန်းမှာ အမျိုးသမီး ၇၅၄ ဦးအထိ သေဆုံးခဲ့ရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ၂၆ ရက်နေ့အထိ လက်နက်ကြီးကြောင့် ၂၆ ဦး၊ လေကြောင်းကြောင့် ၂၁ ဦး၊ သေနတ်နဲ့ပစ်ခံရတာကြောင့် ခုနစ်ဦးနဲ့ ဖမ်းဆီးခံရချိန် မီးရှို့နှိပ်စက်ခံရတာကြောင့် သုံးဦး စုစုပေါင်း ၅၉ ဦးအထိ သေဆုံးခဲ့ရပြီး နောက်ထပ် အမျိုးသမီး ဆယ်ဦးလည်း ဖမ်းဆီးထိန်းသိမ်းခံထားရတာပါ။

ဒါ့အပြင် စုစုပေါင်း အမျိုးသမီး ၃,၂၉၉ ဦးလည်း ဖမ်းဆီးထိန်းသိမ်းခံထားရပြီး အဲဒီအထဲက ၇၆၉ ဦးအထိ ပြစ်ဒဏ်ချမှတ်ခံထားရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်မှာ စစ်ကြောင်းတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံအမျိုးသမီး တစ်ဦးကတော့ သူတို့ရဲ့ နေ့စဉ်ဘဝဟာ လုံခြုံမှု ကင်းမဲ့နေတယ်လို့ RFA ကိုပြောပါတယ်။

“စစ်ကြောင်း ဝင်မယ်၊ အသံကြားတာနဲ့ ဒူးတုန်နေတာပါ။ အရင်ကလည်း ကိုယ့်အသိ အစ်မတွေ အဒေါ်တွေ စစ်ကြောင်းနဲ့တိုးပြီး အဖမ်းခံရ အသတ်ခံရတယ်။ ဆိုတော့ အဲဒီအဖြစ်အပျက်တွေကို မမေ့နိုင်သေးတော့ အဖမ်းခံရမှာ အသတ်ခံရမှာ ကြောက်တယ်။ ဘဝရဲ့ လုံခြုံမှုဆိုတဲ့ အဓိပ္ပာယ်ကို မသိတော့တာ ကြာပါပြီ”

အမျိုးသမီးတွေရဲ့ သေဆုံး၊ ဖမ်းဆီးခံရတဲ့ အချက်အလက်တွေဟာ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကတစ်ဆင့် ကောက်ယူထားတာဖြစ်ပြီး မြေပြင်မှာ ဒီထက်ပိုနိုင်တယ်လို့ မြန်မာ့အမျိုးသမီးများသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။