ဖောက်ခွဲမှုဖြင့် ၇ ဦးကို ထောင်ဒဏ် ၁၀ နှစ်စီ ထပ်တိုး

အင်းစိန်ထောင်မှာ ထောင်ဒဏ် ၃၈ နှစ်ကျခံနေရတဲ့ ပြည်မြို့က မြန်မာနိုင်ငံ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး အေဘီအက်စ်ဒီအက်ဖ် အဖွဲ့ဝင် ကိုအေးမင်းနိုင်နဲ့ ၇ ဦးအဖွဲ့ကို ဒီကနေ့ စက်တင်ဘာ ၁၅ ရက်မှာ ထောင်ဒဏ် ၁၀ နှစ်စီ ထပ်တိုး ချမှတ် လိုက်တယ်လို့ သိရပါတယ်။

2010.09.15

ဒီကနေ့ ထပ်ပြီး အပြစ်ပေးလိုက်တဲ့ ထောင်ဒဏ် ၁၀ နှစ်အပါအဝင် စုစုပေါင်း အနှစ် ၂၀  စီ ချမှတ်ခံရသူတွေကတော့ ကိုအေးမင်းနိုင်ရဲ့ ဇနီး မစန်းစန်းမော်၊ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ခလယ်သီ ကျေးရွာက ကျော်စွာလင်း ခေါ် ခူစာရယ်၊ ပေါင်တည်မြို့နယ် ခြောက်လုံးကြီးကျေးရွာက ကိုဇော်လွင်၊ ကျိုက်ထိုမြို့နယ် က ဒေါ်ခင်ရီ ခေါ် ဒေါ်စန်း၊ ပြည်မြို့ ကျွန်းတောရပ်က ကိုကျော်ဇင်ဦးနဲ့ မကွေးတိုင်း အောင်လံမြို့နယ် ဒုရင်သဘိုရွာက ထက်ကိုလွင်တို့ ဖြစ်ပါတယ်။

သူတို့ကို ၂၀ဝ၅ ခုနှစ်က ရန်ကုန်မြို့လယ် ပေါက်ကွဲမှု ၂ ခုမှာ ပါဝင် ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စက်တင်ဘာလ ၁၅ ရက် ဒီကနေ့  မွန်းလွဲပိုင်းမှာ ခုလိုထပ်တိုး နှစ်ရှည် ထောင်ဒဏ် ချမှတ်လိုက်တာ ဖြစ်ကြောင်း သူတို့ရဲ့ အမှုလိုက် ရှေ့နေတဦးဖြစ်တဲ့ ဦးမောင်မောင်လတ်က RFA ကို အခုလိုပြောပြပါတယ်။

“အေးမင်းနိုင်တော့ပေါ့လေ၊ ရန်ကုန်မှာ ပန်းဘဲတန်းက ဇော်ဂျီဟောက်မှာ ၂၀ဝ၅ ခုနှစ်က ပေါက်ကွဲမှုအတွက် ခုမှ စစ်ပြီးတော့ ၂၀ဝ၉ ခုနှစ်မှ တင်ပြီးတော့ ခု ၁၀ နှစ်ချလိုက်တယ်ဗျ၊ တခါ ကျောက်တံတားက ပါရာရွန်းမား ပေါက်ကွဲမှုနဲ့လည်း အဲဒါလည်း လွန်ခဲ့တဲ့ ၂၀ဝ၅ ခုနှစ်က ဖြစ်တာ၊ အဲဒီဥစ္စာကိုလည်း အခုမှ ၂၀ဝ၉ ခုနှစ်မှ အမှု စွဲတင်ပြီးတော့ ခုစစ်ပြီးတော့ ထောင် ၁၀ နှစ်စီ ချလိုက်တာပေါ့ဗျာ နှစ်မှု၊ အဲဒါတော့ အနောက်ပိုင်း ဒုခရိုင် ၁ က တမှု တခါ အနောက်ပိုင်း ဒုခရိုင် ၆ က တမှု အဲသူတို့နှစ်မှု ဒီကနေ့ အမိန့်ချလိုက်တာဗျ။”

ကိုအေးမင်းနိုင်တို့ ၇ ဦးအဖွဲ့ကို ပြည်မှာ ဖောက်ခွဲပစ္စည်းတွေနဲ့ မိတယ်ဆိုကာ ထောင်ဒဏ်တွေ ချမှတ်ပြီးကာမှ ရန်ကုန်က ပေါက်ကွဲမှုတွေနဲ့ စွဲချက်တင်ပြီး အခုလို ထပ်တိုး ပြစ်ဒဏ်တွေ ပေးတာဟာ တရားဥပဒေနဲ့ မညီဘူးလို့ ရှေ့နေ ဦးမောင်မောင်လတ်က အခုလိုပြောပါတယ်။

“ချပြီးတဲ့ ဒီပစ္စည်းတွေ ဆက်စပ်တယ်ဆိုပြီး ဒီမှာတခါပြန် အဲတော့ ဒီပစ္စည်းပေါ်မှာပဲ ပြစ်ဒဏ် ၃မျိုးဖြစ်နေပြီး ကျနော်တို့ တင်ပြခဲ့တယ်ဗျ။ တရားရုံးကို ကျနော်တို့လျှောက်ထားခဲ့တယ်၊ တရားရုံးကတော့ ဒါတွေတော့ မစဉ်းစားဘူးပေါ့ဗျာ၊ ဒီအမှုကလည်း မပေါ်လို့ ပိတ်ပြီးမှ ၂၀ဝ၈ ပြည်မှာမိတော့မှ ဒီဘက်ကို ဆက်စပ်တယ်ဆိုပြီး ဒီအမှုလာစစ်၊ စစ်ပြီးတော့ ပြစ်ဒဏ်ပေးလိုက်တာပဲ၊ အဲဒီတော့ ဥပဒေအချက်နဲ့တော့ သိပ်ပြီး မညီဘူးပေါ့ဗျာ ဥပဒေအချက်နဲ့ ပေါ်ပေါက်ချက်တွေ က ကျနော်တို့ စစ်တာဆေးတာ သိပ်ပြီး မညီညွတ်ဘူးပေါ့ဗျာ။”

အခု ချမှတ်လိုက်တဲ့ အပြစ်ဒဏ်အပေါ် အထက် တိုင်းရုံးနဲ့ တရားရုံးချုပ်တို့မှာ ဆက်ပြီးအယူခံဝင်မယ်လို့ ရှေ့နေ ဦးမောင်မောင်လတ်က ပြောပါတယ်။

ကိုအေးမင်းနိုင်အပါဝင် သူတို့ ၇ ဦးအဖွဲ့ကိုဟာ ရန်ကုန် တောင်ဥက္ကလာပမြို့နယ်မှာ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီးတော့လည်း အရှေ့ပိုင်း ခရိုင်တရားရုံးမှာ စွဲတင်ထားတဲ့ နောက်ထပ်အမှုကို ဆက်ပြီးရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။