ကိုမင်းဌေးကို ၁၇ (၁)နဲ့ ဖမ်းထားတယ်လို့ သတင်းထွက်
2016.12.31

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF အဖွဲ့ရဲ့ ဗဟိုကော်မတီဝင် မြောက်ပိုင်းဒေ သခေါင်းဆောင် ဦးမင်းဌေး ကို မတရားအသင်းပုဒ်မ ၁၇(၁) နဲ့ ကချင်ပြည်နယ် မိုးမောက်ရဲစခန်းမှာ ဖမ်းဆီးထိန်း သိမ်းထားတယ်လို့ သတင်းတွေထွက်နေပေမယ့် အဖွဲ့ကတော့ အတည်မပြုပါဘူး။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC က ABSDF တပ်ဖွဲ့ကို အကြောင်းပြန်ကြားလာတဲ့စာမှာ မိုးမောက်ရဲစခန်းမှာ ထိန်းသိမ်းထားတာ ဟုတ်မှန်ကြောင်း အတည်ပြုပြောပေ မယ့် ၁၇/၁ နဲ့ တရားစွဲဆိုထားတယ်ဆိုတာကိုတော့ အသိပေးလာတာ မရှိသေးဘူးလို့ ABSDF ဒုဥက္ကဌ ဦးမျိုးဝင်းက ပြောပါတယ်။
"၁၇/၁ ကိစ္စတွေနဲ့ ပတ်သက်လို့ အခု သတင်းတွေ ထွက်နေတာတွေနဲ့ ပတ်သက်ပြီး မိုးမောက် ရဲစခန်းမှာ ရှိတယ်၊ လိုအပ်တာတွေ ညှိနှိုင်းဖို့အတွက် ခေါ်ယူထားတာ သဘောလောက်ပဲ ရှိပါသေးတယ်၊ အခုအချိန် အထိတော့ တရားဝင် သဘောအရပေါ့နော် သတင်းအရ ထွက်နေပေမယ့် တရားဝင် စာအရဆိုရင်တော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့မှ အချက်အလက် ဘာတစ်ခုမှ မတွေ့သေးဘူးလေနော်။ အခုဟာ မပခ ကနေပြီးတော့မှ JMC ကနေတဆင့် ကိုမင်းဌေးနဲ့ ပတ်သက်ပြီးတော့မှ ဒီအချက်အလက်တွေကို ရှင်းလင်းဆောင်ရွက်ပေးပါ ဆိုတဲ့သဘော အဲစာကို ရတာကိုး၊ အဲလိုဆိုတော့ သူတို့ သိချင်တဲ့ဟာလေးကို အဖွဲ့အစည်းအနေနဲ့ စာပြန်ရေးရမှာပေါ့ ဒါပဲရှိတယ်"
ABSDF အဖွဲ့ဟာ အစိုးရနဲ့ NCA အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ဗဟိုကော်မတီဝင် မြောက် ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးမင်းဌေးဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ တက်ရောက်နေသူဖြစ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့က ဗန်မော် - လွယ်ဂျယ် ကားလမ်းပေါ်က စိန်လွယ်စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ ရသူ ဖြစ်ပါတယ်။
ဦးမင်းဌေး အဖမ်းခံရမှုနဲ့ ပတ်သက်ပြီး ABSDF အဖွဲ့က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့် ကြည့်ရေး ကော်မတီ JMC အဖွဲ့ထံ ကူညီဖြေရှင်းပေးဖို့ အကြောင်းကြားခဲ့ပြီးနောက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် က ဦးမင်းဌေးနဲ့ ပတ်သက်ပြီး ထပ်မံသိလိုတဲ့အချက်တွေကို ဒီကနေ့ ညနေမှာ စာရေးမေးမြန်းလာတာဖြစ်ပါတယ်။
ဖမ်းဆီးခံခဲ့ရတဲ့ ရဲဘော်မင်းဌေးဟာ နာမည်ကျော် Hollywood ရုပ်ရှင်မင်းသား Sylvester Stallone နဲ့ ရိုက်ကူး ထုတ်လုပ်တဲ့ Rambo 4 ရုပ်ရှင်မှာ မြန်မာအစိုးရစစ်တပ်က စစ်ဗိုလ်တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ဖူးသူ တစ်ဦးလည်း ဖြစ်ပါတယ်။