ABSDF ဥက္ကဋ္ဌဟောင်း ဦးထွန်းအောင်ကျော် မြောက်ပိုင်းဗျူရို အကျဉ်းသားဟောင်းများနှင့် တွေ့ဆုံ
2012.09.05
တွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး ဦးထွန်းအောင်ကျော်က အခုလို ရှင်းပြပါတယ်။
"ဒီနေ့ ကျွန်တော်တို ABSDF မြောက်ပိုင်းက လွတ်လာတဲ့ ရဲဘော်တွေ၊ ရန်ကုန်မှာ ရှိတဲ့ရဲဘော်တွေနဲ့ အသတ်ခံရတဲ့ ရဲဘော်တွေရဲ့ မိသားစုဝင်တွေနဲ့ တွေ့တယ်။ ကျွန်တော်တစ်ယောက်ထဲနဲ့။ သူတို့အနေနဲ့ ကျွန်တော့်ရပ်တည်ချက်ကို ကျွန်တော် တရားဝင်ပြောတာ သိချင်တယ်ပေါ့ဗျာ။ နောက်ပြီးတော့ ကျွန်တော့်အနေနဲ့ ဘယ်လိုဆက်ပြီးတော့ ကူညီသွားနိုင်မလဲ၊ သိချင်တယ်ပေါ့ဗျာ"
ဖမ်းးဆီးခံရာက ပြန်လည်လွတ်မြောက်လာတဲ့ ABSDF ရဲဘော်တွေဖြစ်တဲ့ ကိုရဲလင်း၊ ကိုကျော်နိုင်ဦး၊ ကိုတိုးကြီး၊ ဘိုဘို၊ သင်းသင်းညီ၊ ပန်းချီကိုထိန်လင်းနဲ့ အသတ်ခံရတဲ့ ကိုချိုရဲ့ညီမ မသင်းသင်းတို့ အပါအဝင် စုစုပေါင်း ၁၂ ဦးခန့် တက်ရောက်ကြတယ်လို့သိရပါတယ်။
လာရောက်သူတွေကို ဦးထွန်းအောင်ကျော်က ABSDF ဥက္ကဋ္ဌဟောင်းအနေနဲ့ မိသားစုတွေနဲ့အတူ ထပ်တူ ဝမ်းနည်းကြေကွဲကြောင်း ပြောဆိုပါတယ်။
"ဒါတွေ မဖြစ်သင့်မဖြစ်ထိုက်ပဲနဲ့ ဖြစ်သွားရတယ်။ ABSDF ဟာ ကျွန်တော်တို့ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်တဲ့ အဖွဲ့ဖြစ်တယ်။ ဒီမိုကရေစီရရှိရေးနဲ့ လူ့အခွင့်အရေး ရရှိရေးအတွက် တိုက်ပွဲဝင်နေတဲ့ အဖွဲ့ဝင်တွေဟာ လက်ထဲမှာ လက်နက်ရှိလာတဲ့ အခါမှာ အာဏာရူးပြီးတော့ အချင်းချင်းကို သတ်ဖြတ်တဲ့ သွေးစွန်းတဲ့အထိ ဖြစ်သွားတာဟာ အင်မတန် သမိုင်းမှာ အရုပ်ဆိုးတယ်ဆိုတဲ့ အကြောင်းပေါ့ဗျာ။ အဲဒီအတွက် ဒီအသတ်ခံရတဲ့ လူတွေရဲ့ ဂုဏ်သရေ ပြန်ဆယ်ဖို့ အဓိက ကတော့ ကိုထွန်းအောင်ကျော်၊ ဦးစိန် နောက်ပြီးတော့ ကိုချိုကြီးတို့က ရန်သူ့လူမဟုတ်ဘူး၊ သူလျှိုမဟုတ်ဘူး။ တကယ့် ဒီမိုကရေစီ တော်လှန်ရေးသမားစစ်စစ် ဖြစ်တယ်ဆိုတာကို သက်သေထူနိုင်ဖို့ လိုတယ်ဆိုတာမျိုး ကျွန်တော်ပြောဖြစ်တာ ပေါ့ဗျာ"
ABSDF မြောက်ပိုင်းဗျူရိုမှာ ဖမ်းဆီးခံခဲ့ရသူများနဲ့ သတ်ဖြတ်ခံခဲ့ရသူများရဲ့ မိသားစုဝင်တွေက လောလောဆယ် ရန်ကုန်မြို့ကို ရောက်ရှိနေတဲ့ ABSDF ဥက္ကဋ္ဌဟောင်းတွေ ဖြစ်တဲ့ ဦးထွန်းအောင်ကျော်၊ ကိုမိုးသီးဇွန်၊ ဒေါက်တာနိုင်အောင်တို့သုံးဦးတို့ကို တပြိုင်နက် တွေ့ဆုံ ဆွေးနွေးလိုတဲ့ ဆန္ဒရှိတယ်လို့လည်း သိရပါတယ်။