အစိုးရနဲ့ ကျောင်းသား တပ်မတော် နေပြည်တော် မှာ ဆွေးနွေး


2013.11.20

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF အဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ ခေါင်းဆောင်ဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့ ဒီကနေ့ ညနေပိုင်းက နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။ တွေ့ဆုံရာမှာ ပြည်ထောင်စုအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လုပ်နိုင်ဖို့အတွက် ဆွေးနွေးခဲ့ကြတယ်လို့ ABSDF အဖွဲ့ ဥက္ကဌ ကိုသံခဲက RFA ကို ပြောပါတယ်။

“သြဂုတ်လ ၅ ရက်နေ့နဲ့ ၁ဝ ရက်နေ့မှာ ကျနော်တို့ ဆွေးနွေးပွဲတွေမှာ သဘောတူညီထားတဲ့ အချက်တွေရှိပါတယ်၊ ဒီအချက်တွေက ဘာလဲဆိုရင် ကျနော်တို့ ABSDF နဲ့  ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ နှစ်ခုကြားမှာ ကျန်ရှိနေတဲ့ နိုင်ငံရေးဆိုင်ရာကိစ္စရပ်တွေကို ပြည်ထောင်စုအဆင့်ဆွေးနွေးဖို့ကို နိုဝင်ဘာလာမှာ လုပ်ဖို့ဆိုတဲ့ကိစ္စဖြစ်ပါတယ်၊ ဒါကြောင့် ဒီဆွေးနွေးပွဲဟာ ကျနော်တို့ ABSDF နဲ့  ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ နှစ်ခုကြားမှာ အလုပ်သဘောအရ နှစ်ဘက်လုပ်ငန်းဆွေးနွေးပွဲလို့ ပြောလို့ရမှာဖြစ်ပါတယ်”

ABSDF အဖွဲ့အနေနဲ့ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတွေကို မကြာခင်လုပ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံရဲ့ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ အများပြည်သူလက်ခံတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး သဘောထားဖြစ်ဖို့အပြင် အာမခံချက်ရှိတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေရှိမှ နိုင်ငံမှုာ စစ်မှန်တဲ့ငြိမ်းချမ်းရေး ရမှာဖြစ်တယ်လို့လည်း ကျောင်းသားတပ်မတော် ဥက္ကဌ ကိုသံခဲက ပြောပါတယ်။

ABSDF ကျောင်းသားတပ်မတော်ခေါင်းဆောင် ကိုသံခဲကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။