ABSDF ကျောင်းသားဟောင်း မိသားစု သတင်းစာရှင်းလင်းပွဲပြုလုပ်
2012.09.25

ဒေါက်တာနိုင်အောင်က ကိုနေဝင်းအောင်နဲ့ ကိုစိုးလင်းတို့ကို ထောက်လှမ်းရေးတွေအဖြစ် ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး ကိုနေဝင်းအောင်ရဲ့ ညီမအရင်းဖြစ်သူ မဖြူဖြူအောင်က RFA ကို အခုလိုပြောပါတယ်။
"နိုင်ငံရေးကို သူပြောသလိုပဲ ဖြေရှင်းဖို့တောင်မှ အချိန်တော်တော်ပေးယူရတဲ့သူတွေကိုမှ သူကပြန်ပြီးတော့ ခုတုံးလုပ်ပြီး ဒီလူတွေကတော့ ထောက်လှမ်းရေး၊ ဟိုလူတွေ ထောက်လှမ်းရေး မဟုတ်ရင် ဒီလူတွေ ထောက်လှမ်းရေး၊ ဟိုလူတွေ သတ်တာမှားရင် ဒီလူတွေက ထောက်လှမ်းရေးမို့လို့ သူမှန်တယ်ဆိုပြီး လုပ်တဲ့အခါကျတော့ ဒေါက်တာနိုင်အောင်ကို သိစေချင်တာက သူရဲကောင်းလုပ်ချင်လို့ လုပ်ပါ။ ဒါပေမယ့် သူများရဲ့ဘဝတွေကို မနင်းချေပါနဲ့။ နိုင်ငံရေးသေနေတဲ့ သူတွေကိုတောင်မှ ထပ်ပြီးတော့ နိုင်ငံရေးမှာ မမြုပ်နှံချင်ပါနဲ့လို့ ပြောချင်တာရယ်။ အမှားကို ဝန်မခံဘဲနဲ့ သူ့ရဲ့အမှားကို တခြားသူရဲ့အမှားလိုလုပ်တာကို မခံနိုင်တာ။ ဒီရှင်းလင်းပွဲကို လုပ်တာပါ"
ဒီကနေ့ ရှင်းလင်းပွဲကို ကိုနေဝင်းအောင်ရဲ့ ညီမအရင်းဖြစ်သူ မဖြူဖြူအောင်၊ အခြေခံကျောင်းသားများ သမဂ္ဂက ကိုဘိုဘို၊ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနက ဆရာဟောင်း ဦးဌေးသိန်း (ခေါ်) စာရေးဆရာ နောင်ကျော်တို့က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။