ABSDF ခေါင်းဆောင်ဟောင်းတချို့ မနက်ဖြန် ရန်ကုန်ရောက်မည်

ဦးမိုးသီးဇွန် အပါအဝင် ၁၉၈၈ ခုနှစ် ရှစ်လေးလုံး လူထုလှုပ်ရှားမှု နောက်ပိုင်း ထိုင်း-မြန်မာနယ်စပ်မှာ တောခိုပြီး လက်နက်ကိုင် တိုက်ပွဲ ဝင်ခဲ့ကြတဲ့ ကျောင်းသား တပ်မတော် ခေါင်းဆောင်ဟောင်း (၇) ဦးဟာ မနက်ဖြန် မနက်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ကနေ လေယာဉ်နဲ့ ရန်ကုန် မင်္ဂလာဒုံလေဆိပ် ရောက်ရှိမှာ ဖြစ်ပါတယ်။

2012.08.31

ခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်ဟာ သမ္မတ ဦးသိန်းစိန် လက်ထက် မြန်မာနိုင်ငံက အပြောင်းအလဲတွေကို သွားရောက် လေ့လာဖို့နဲ့ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့အတွက် ဖြစ်တယ်လို့ ဦးမိုးသီးဇွန်က RFA ကိုပြောပါတယ်။

"အခုဗမာပြည်မှာ ပြည်တွင်းငြိမ်းချမ်းရေး၊ နောက်တစ်ခုက ကျွန်တော်တို့ နိုင်ငံရေးကို အခြေခံကျကျ ပြုပြင်ပြောင်းလဲနိုင်ဖို့၊ နောက်တစ်ခုက အမျိုးသား ကျွန်တော်တို့ reconciliation ပေါ့လေ၊ အမျိုးသားပြန်လည် သင့်မြတ်ရေးတွေလုပ်ဖို့၊ နောက်တစ်ခု အရေးကြီးဆုံး အချက်တစ်ခုဖြစ်တဲ့ တိုင်းပြည်ကို ပြန်လည် ထူထောင်နိုင်ရေး ကိစ္စတွေကို ဦးသိန်းစိန် အစိုးရနဲ့ နောက်တစ်ခုက ကျွန်တော်တို့ ပြည်တွင်းမှာရှိတဲ့ ဒီမိုကရေစီ အင်အားစုတွေနဲ့ ကျွန်တော်တို့ တင်ပြမှာ ဖြစ်ပါတယ်။ ဆွေးနွေးဖို့အတွက် သွားတာ အဓိက ရည်ရွယ်ချက်ဖြစ်ပါတယ်"

ဒါ့အပြင် ကျောင်းသားတပ်မတော် မြောက်ပိုင်းမှာ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်က ဖြစ်ပေါ်ခဲ့တဲ့ သတ်ဖြတ်မှုတွေနဲ့ပတ်သက်လို့ အဖြစ်မှန်ပေါ်အောင် ဝိုင်းဝန်းဆောင်ရွက်မှာ ဖြစ်တယ်လို့ ဦးမိုးသီးဇွန်က ပြောပါတယ်။

"အဲဒါတွေနဲ့ ပတ်သက်လို့ကတော့ ကျွန်တော်တို့ အဓိကပေါ့လေ၊ ကိုနိုင်အောင်လည်း အခုအထဲကို ရောက်နေတော့ သူကနေပြီးတော့ တာဝန်ခံပြီးတော့ ဖြေရှင်းမယ်လို့ ကျွန်တော်တို့ သိရပါတယ်။ အဲတော့ သူတို့ရဲ့ ဖြေရှင်းမှုတွေအတိုင်းပဲ ကျွန်တော်တို့ က နောက်အထဲက ကာယကံရှင်တွေနဲ့လည်း ကျွန်တော်တို့ တွေ့မှာပါ။ တွေ့ပြီးတော့ အခြေအနေ အဖြစ်မှန်တွေ ပေါ်ပေါက်လာတဲ့ အထိကို အမှန်တရားအတိုင်း ဖြစ်စေရပါမယ်"

ဦးမိုးသီးဇွန်နဲ့အဖွဲ့ကို မြန်မာသံရုံးကနေ ပြည်ဝင်ခွင့်ဗီဇာ ၂၈ ရက် ထုတ်ပေးထားပေမယ့် နောက်ထပ် ဗီဇာထပ်တိုးလို့ ရမယ်ဆိုရင် ဆက်ပြီးနေဖို့ အစီစဉ်ရှိကြောင်း ဦးမိုးသီးဇွန်က ပြောပါတယ်။ ဒါ့အပြင် ခရီးစဉ်နဲ့ ပတ်သက်လို့ အကန့်အသတ်တွေ၊ လက်မှတ် ရေးထိုးရတာမျိုး မရှိဘဲ လွတ်လွတ်လပ်လပ် ပြည်တွင်းကို ပြန်လာတဲ့ ခရီးစဉ် ဖြစ်တယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။