ABSDF ကျောင်းသား တပ်မတော်၂၅ နှစ်ပြည့် အခမ်းအနားကျင်းပ


2013.11.01
absdf-25-anniversary-305.jpg ကချင်ပြည်နယ် လိုင်ဇာမြို့အနီးက ABSDF မြောက်ပိုင်း ဌာနချုပ်မှာ နိုဝင်ဘာလ ၁ ရက်နေ့က မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF တည်ထောင်ခြင်း ၂၅ နှစ်ပြည့် ငွေရတုအခမ်းအနား ကျင်းပနေစဉ်
photo: RFA/ Sai Htun Aung Lwin

အစိုးရက လက်ရှိဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေဟာ ပြည်သူတွေလိုလားတောင့်တနေ တဲ့ ပြုပြင်ပြောင်းလဲရေး မဟုတ်ဘူးလို့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဥက္ကဌ ကိုသံခဲက ဒီနေ့ ပြောလိုက်ပါတယ်။

ကချင်ပြည်နယ် လိုင်ဇာမြို့အနီးက ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး မြောက်ပိုင်းဌာနချုပ်မှာ ဒီနေ့ မနက်ပိုင်းကကျင်းပတဲ့ ABSDF တည်ထောင်ခြင်း ၂၅ နှစ်ပြည့် ငွေရတုအခမ်းအနားမှာ ABSDF ဥက္ကဌ ကိုသံခဲက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ဒီနေ့အထိ ကျနော်တို့လိုချင်တဲ့ ပြုပြင်ပြောင်းလဲရေး မဟုတ်ဘူး၊ ဒီနေ့ဖြစ်ပေါ်နေတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံသည် ကျနော်တို့ ဆန္ဒမပါဘဲလုပ်ထားတဲ့ စနစ်ဖြစ်တယ်၊ ဒီနေ့အုပ်ချုပ်နေတဲ့ အစိုးရသည် ကျနော်တို့ ဆန္ဒမပါဘဲနဲ့ မိမိသဘောနဲ့ မိမိရွေးကောက်ထားတဲ့အစိုးရဖြစ်တယ်၊ ဒီနေ့ လွှတ်တော်သည် ကျနော်တို့ ပြဿနာတွေကို ဖြေရှင်းပေးနိုင် တဲ့ လွှတ်တော်မဟုတ်ဘူး၊ ဖွဲ့စည်းပုံမရှိသော စစ်အာဏာရှင်စနစ်မှ ဖွဲ့စည်းပုံနဲ့အတူ ပေါ်ထွက်လာတဲ့ ကျနော်တို့ဆန္ဒမပါတဲ့ အာဏာရှင်စနစ်ဖြစ်တယ်”

ABSDF ကျောင်းသားတပ်မတော်အနေနဲ့လည်း လူ့အခွင့်အရေး ဒီမိုကရေစီရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေအတွက် တိုင်းရင်းသား အင်အားစုတွေအပါအဝင် ဒီမိုကရေစီအင်အားစုအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ လည်း ပြောပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်းက ABSDF မြောက်ပိုင်းဌာနချုပ်မှာကျင်းပတဲ့ ဒီအခမ်းအနားကို လိုင်ဇာငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်နေတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ၈၈ မျိုးဆက်ကျောင်းသားတွေ ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီမှ တာဝန်ရှိသူတွေနဲ့ ကျောင်းသားသမဂ္ဂခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပြီး ဂုဏ်ပြုသဝဏ်လွှာတွေလည်း ပေးပို့ခဲ့ကြပါတယ်။

ဒီအခမ်းအနားနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ကိုမျိုးဇော်ကိုရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။