မကွေးမြို့မှာ Mytel တာဝါတိုင်ပေါက်ကွဲအပြီး ဒေသခံ ၅၀ နီးပါး အဖမ်းခံထားရ

မကွေးတိုင်း၊ မကွေးမြို့ ကန်သာစီ ၁၈ လမ်းမှာရှိတဲ့ စစ်ကောင်စီပိုင် မိုင်တယ် (Mytel) တာဝါတိုင် ဗုံးပေါက်ကွဲမှု ဖြစ်ပြီးနောက် အနီးအနားမှာရှိတဲ့ ပြည်သူအယောက် ၅၀ နီးပါးကို စစ်ကောင်စီက ဖမ်းဆီး သွားတာ သုံးရက်မြောက်တဲ့ ဒီကနေ့အချိန်အထိ ပြန်လွှတ်မပေးသေးဘူးလို ဒေသခံတွေကပြောပါတယ်။
စက်တင်ဘာလ ၂၅ ရက်နေ့ မနက် ၁၁ နာရီခန့်က ကန်သာစီ ၁၈ လမ်းနဲ့ ဦးတင်ဦးကုန်စုံဆိုင် မျက်နှာချင်းဆိုင် လမ်းကြားထဲမှာရှိတဲ့ မိုင်တယ် (Mytel) ဆက်သွယ်ရေးတာဝါတိုင် ပေါက်ကွဲမှုဖြစ်ခဲ့တာဖြစ်ပြီး မကြာခင်မှာပဲ လမ်းထဲမှာနေထိုင်တဲ့ ဒေသခံတွေကို စစ်ကောင်စီတပ်သားတွေ လာဖမ်းသွားတာလို အဖမ်းခံခဲ့ရတဲ့ မိသားစုတွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“လမ်းလုပ်သားတွေကို အရင်ဆုံးဖမ်းပြီးတော့ လမ်းထဲမှာနေတဲ့ အသက် ၁၈ နှစ်ကျော်တဲ့ ယောက်ျားလေး အကုန်ဖမ်းတာ၊ မိန်းကလေးတွေလည်းပါတယ်၊ မိသားစုလိုက် ပါသွားတဲ့သူတွေလည်းရှိတယ်၊ အခုထိ ပြန်မလွှတ်သေးဘူး” လို့ ကန်သာစီ ၁၈ လမ်းမှာ နေထိုင်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။
အဖမ်းခံရတဲ့အထဲမှာ အသက်အရွယ်ကြီးသူတွေနဲ့ ကျန်းမာရေးမကောင်းသူတွေ ပါဝင်ပြီး ဘယ်နေရာကို ဖမ်းသွားလဲဆိုတာလည်း မသိရသေးတာကြောင့် စစ်ကောင်စီရဲ့ နှိပ်စက်မှုခံရမှာကို မိသားစုဝင်တွေက စိုးရိမ်နေကြတယ်လို ဆိုပါတယ်။
အဲဒီတာဝါတိုင်ကို မကွေးမြို့အခြေစိုက် No Chair ပြောက်ကျားအဖွဲ့က ဗုံးခွဲ တိုက်ခိုက်ခဲ့တာလို သူတိုရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ကြေညာခဲ့ပါတယ်။
ဒေသခံ ၅၀ နီးပါးကို ဖမ်းသွားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကိုလည်း RFA ကဆက်သွယ်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။