ဒီမိုကရေစီ ပညာရေးအကြောင်း ဆွေးနွေးပွဲ ရန်ကုန်မှာ ကျင်းပ

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်နဲ့ မောက္ခပညာရေးမဂ္ဂဇင်းတို့ပူးပေါင်းပြီး ဒီမိုကရေစီပညာရေးဆိုတဲ့ ဆွေးနွေးပွဲကို မနေ့ကစပြီး ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်နေတယ်လို့ သိရပါတယ်။
ဆွေးနွေးပွဲကို မေလ ၃၁ ရက်နေ့နဲ့ ဇွန်လ ၁ ရက်နေ့တို့မှာ ၂ ရက်ကြာပြုလုပ်မှာဖြစ် ပြီး၊ ခေတ်နောက်ကျနေတဲ့ ပညာရေးစနစ်ကို ဘယ်လိုပြုပြင်ရမလဲဆိုတာ ဆွေးနွေးကြတယ်လို့ ဗကသများအဖွဲ့ချုပ် ဒုဥက္ကဌ ကိုလင်းထက်နိုင်က RFA ကိုပြောပါတယ်။
"ဒီမိုကရေစီ ပညာရေးဆိုတာကို အဓိကထားပြီးတော့ အဲဒီမှာ ကျောင်းသားတွေရဲ့ အခန်းကဏ္ဍ၊ပညာရေးနဲ့ ပတ်သက်ပြီး ပညာရှင်တွေရဲ့ အခန်းကဏ္ဍနောက်ပြီး အစိုးရရဲ့ အခန်းကဏ္ဍ၊အရပ်ဘက် အဖွဲ့အစည်းတွေရဲ့အခန်းကဏ္ဍ အဲဒါတွေကို ခွဲခြမ်းပြီး၊လက်ရှိ ဖြစ်နေတဲ့ ပညာရေးကို ကျွန်တော်တို့ ဘယ်လို ပြုပြင်ပြောင်းလဲလို့ ရနိုင်မလဲဆိုပြီး ဆွေးနွေးတယ်"
ဒီဆွေးနွေးပွဲမှာ ပညာရေးတက္ကသိုလ် အငြိမ်းစားပါမောက္ခ ဒေါက်တာခင်ဇော်၊ မောက္ခပညာရေး မဂ္ဂဇင်းအယ်ဒီတာ ဦးသိန်းနိုင်၊ ပညာရေးဆောင်းပါးရှင် ဦးတင်ညွန့်အပါအဝင် ပညာရှင်တချို့ တက်ရောက်ဆွေးနွေးကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ လူငယ်အဖွဲ့၊ ရခိုင်လူငယ်အဖွဲ့၊ ပအိုဝ်းလူငယ်အဖွဲ့နဲ့ အခြားစိတ်ဝင်စားသူ လူငယ်တွေလည်း တက်ရောက်ဆွေးနွေးကြတယ်လို့သိရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်က ဦးဆောင်ကြိုးပမ်းနေတဲ့ နိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံကို လာမယ့် ဇွန်လ ၈ ရက်မှာစတင်ပြုလုပ်တော့မှာဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ပညာရေးကွန်ရက်ဥက္ကဌ ဒေါက်တာသိန်းလွင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ဆက်သွယ်မေးမြန်းထားပါတယ်။