နိုင်ငံရေး အကျဉ်းသားရေးရာကော်မတီ ဖွဲ့စည်းပုံ AAPP စိုးရိမ်
2015.01.08

အစိုးရက အသစ်ပြောင်းလဲဖွဲ့စည်းလိုက်တဲ့ နိုင်ငံရေး အကျဉ်းသားရေးရာကော်မတီကို ဦးဆောင်ခွင့် ရထားသူဟာ နိုင်ငံရေးလှုပ်ရှားသူတွေကို ဖမ်းဆီး တရားစွဲထောင်ချနေတဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ပဲ ဖြစ်နေတဲ့အတွက် စိုးရိမ် စရာဖြစ်တယ်လို့ AAPP နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းက ပြောပါတယ်။ ဒါနဲ့ ပတ်သက်လို့ AAPP တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က
"ဒီအဖွဲ့ရဲ့ဆုံးဖြတ်ချက်က အရင်တုန်းက နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီကို ပြည်ထောင်စု ဝန်ကြီးကဦးဆောင်တယ်၊ အခုဒီအဖွဲ့မှာ ကျတော့ ပြည်ထဲရေးရဲ့ဒုဝန်ကြီးက ဦးဆောင်တယ်၊ ကျနော်သတိထားမိတာက တကယ်တန်း မြန် မာနိုင်ငံရဲ့အဖမ်းအဆီးတွေဟာ ပြည်ထဲရေးက ဦးဆောင်ပြီး လုပ်နေတာဖြစ်ပါတယ်၊ အဖမ်းအဆီး ကို ဦးဆောင်ပြီးလုပ်နေတဲ့ အဖွဲ့အစည်းကနေပြီးတော့ ဒီအဖွဲ့မှာ ဦးဆောင်တဲ့အခါကျတော့ ဘယ်လောက်ထိ လွတ်လွတ်လပ်လပ်လုပ်ခွင့်ရမလဲ ဆိုတဲ့အပေါ်မှာတော့ ကျနော်တို့က စိုးရိမ်စိတ်ရှိပါတယ်"
ဒါ့အပြင် ဒီကော်မတီအနေနဲ့ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးရေးဆောင်ရွက်မှာလား၊ ဒါမှ မဟုတ် နိုင်ငံရေးအကျဉ်းသားတွေရဲ့ ထောင်တွင်းနေထိုင်စားသောက်မှုတွေကိုပဲ ဆောင်ရွက်မှာလားဆိုတာလည်း ကွဲကွဲပြားပြားမသိရသေးဘူးလို့ ဆိုပါတယ်။ လက်ရှိမှာ အမိန့်ချမှတ်ခံရပြီးသား နိုင်ငံရေးအကျဉ်းသား ၁၆၀ နီးပါးနဲ့ အမှုရင်ဆိုင်ရဆဲ နိုင်ငံရေးအကျဉ်းသား နှစ်ရာကျော်ရှိတယ်လို့ ပြောပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးလွတ်မြောက်ရေးက အဓိကကျသလို၊ လွတ်လာပြီးတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် စိတ်ပိုင်းရုပ်ပိုင်းဒဏ်ရာတွေကို ပြန်လည်ကုစားဖို့နဲ့ ဘဝပြန်လည်ထူထောင်ဖို့ အတွက် လွှတ်တော်က ဥပဒေတစ်ရပ်ပြဌာန်း ဆောင်ရွက်သင့်တယ်လို့ AAPP က ပြောပါတယ်။
AAPP တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းခဲ့ပါတယ်။