မေလ ပထမပတ်အတွင်း အရပ်သားကိုးဦး သတ်ခံရကြောင်း AAPP ပြော
2024.05.07

၂၀၂၄ ခုနှစ် မေလ ၁ ရက်ကနေ ၇ ရက်နေ့အထိ တစ်ပတ်အတွင်း နိုင်ငံတစ်ဝန်းမှာ အမျိုးသမီးနှစ်ဦးအပါအဝင် အရပ်သား ကိုးဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မေလ ၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
သေဆုံးခဲ့တဲ့ကိုးဦးထဲမှာ ရခိုင်ပြည်နယ်က လေးဦးနဲ့ အများဆုံးဖြစ်ပြီး စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တာလို့လည်း ဆိုပါတယ်။
မေလ ၆ ရက်နေ့က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းကျေးရွာကို စစ်ကောင်စီက တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ နေအိမ်တစ်လုံးပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဦးနီထွန်းဦးနဲ့ သားဖြစ်သူ ကိုဟန်တို့ ဗုံးစထိမှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့လည်း ရေးသားထားပါတယ်။
အဲဒီနေမှာပဲ အလယ်ကျွန်းရွာကို ဒုတိယအကြိမ် ထပ်ပြီး လေကြောင်းကနေ ဗုံးကြတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်းတစ်ခုပေါ်ကျရောက်ပေါက်ကွဲခဲ့ပြီး ဦးဇင်း ဇာဂရနဲ့ ဒေါ်မဒွေး တို့ ဗုံးစထိမှန် သေဆုံးခဲ့ကြတာလို့ ဆိုပါတယ်။
ဒီအချက်လက်တွေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၄ ခုနှစ် မေလ ၇ ရက်နေ့အထိ နိုင်ငံတစ်ဝန်း သေဆုံးခဲ့တဲ့ အရပ်သား ငါးထောင်နီးပါး (၄၉၇၃ ဦး) ရှိလာပြီဖြစ်ပါတယ်။