ဂွမြို့ကို AA ထိန်းချုပ်လိုက်ကြောင်း ဒေသခံတွေပြော
2024.12.28

ရခိုင်ပြည်နယ် တောင်ဘက်ပိုင်းက ဂွမြို့ကို အာရက္ခတပ်တော် (AA) က ဒီဇင်ဘာလ ၂၈ ရက်နေ့က ထိန်းချုပ်ထားနိုင်ပြီလို့ ဂွဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။
ဂွမြို့မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ခြေမြန်တပ်ရင်း ခမရ (၅၆၂) နဲ့ ခမရ (၅၆၃) ကို AA က ထိန်းချုပ်ပြီးနောက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် မြို့ပေါ်က နေအိမ်တချို့ မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
ဂွမြို့နယ် ရွှေယချိုင် လက်နက်ကြီးစခန်းကနေ ဒီဇင်ဘာလ ၂၉ ရက်နေ့မနက်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဂွမြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။
"မြို့ထဲကို လက်နက်ကြီးတွေကျလို့ အကုန် မီးတွေလောင်နေတာပေါ့။ ဒီတစ်ခါနဲ့ဆိုရင် လေး ငါးခါလောက် လောင်ကုန်ပြီ။ အခုလက်နက်ကြီးတွေက မြို့ထဲကို လှမ်းထုနေတာကိုး။ လက်နက်ကြီးကျည်ဆံထိပြီး မီးလောင်တဲ့အိမ်တွေ လောင်နေတာပေါ့။ မိုးလင်းတုန်းက လက်နက်ငယ်သံကြားပြီးတော့ အခုမိုးလင်းသွားတဲ့အခါကျတော့ လက်နက်ကြီးနဲ့ ပစ်တယ်။ လက်နက်ငယ်သံ ပျောက်သွားတယ်။ လေယာဉ်နဲ့ပါ လာကြဲနေတာ"
ဂွမြို့မ ရဲစခန်း အနီးဝန်းကျင်မှာလည်း ဒီဇင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်းကစလို့ လက်နက်ငယ်တွေနဲ့ ပစ်ခတ်သံကြားရပေမဲ့ မနက်ကိုးနာရီဝန်းကျင်မှာ လက်နက်ငယ်သံတွေ မကြားရတော့ဘဲ လက်နက်ကြီး ပစ်ခတ်သံတွေသာ ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
ဂွမြို့ကို ထိန်းချုပ်လိုက်တာနဲ့ ပတ်သက်လို့ အာရက္ခတပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။
ဒီဇင်ဘာလ ၂၁ ရက် အာရက္ခတပ်တော် (AA) ထုတ်ပြန်ချက်မှာတော့ ဂွမြို့သိမ်းတိုက်ပွဲကို ထိုးစစ်အရှိန်မြှင့်ထားပြီး စစ်ကောင်စီတပ်သားတွေဟာ ဧရာဝတီတိုင်းဘက်ကို ဆုတ်ခွာထွက်ပြေးနေတယ်လို့ ဖော်ပြပါတယ်။
ဩဂုတ်လ ၁၂ ရက်နေ့ကစပြီး ဂွမြို့နယ်က ကျိန္တလီမြို့ကို အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး လေးလကျော်အကြာမှာတော့ ဂွမြို့က စစ်ကောင်စီအထိုင်ချ တပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။
ရခိုင်ပြည်နယ်မှာ မြို့နယ် ၁၇ မြို့နယ်ရှိတဲ့အနက် ၁၃ မြို့နယ်ကို AA က သိမ်းပိုက်ထားပြီး အခု ဂွမြို့နယ်နဲ့ဆိုရင် ၁၄ မြို့နယ်အထိ ရှိလာပြီဖြစ်ပါတယ်။