ပလက်ဝအခြေစိုက် စစ်ကောင်စီတပ်စခန်းတစ်ခုကို တိုက်ခိုက်သိမ်းယူခဲ့ကြောင်း AA ထုတ်ပြန်

RFA Burmese
2023.12.29
ပလက်ဝအခြေစိုက် စစ်ကောင်စီတပ်စခန်းတစ်ခုကို တိုက်ခိုက်သိမ်းယူခဲ့ကြောင်း AA ထုတ်ပြန် ပလက်ဝမြို့နယ် စစ်ကောင်စီတပ် ပွိုင့် (၃၇၇) အခြေကုပ်စခန်းကုန်းအား ရက္ခိုင့်တပ်တော် (AA) မှ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများအား ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ထုတ်ပြန်ထားစဉ်။
AA Info Desk

အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအခြေစိုက်ရာ ပွိုင့် (၃၇၇) စစ်ဆင်ရေး အခြေကုပ်စခန်းကုန်းကို ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ တိုက်ခိုက် သိမ်းယူနိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ စစ်လက်နက်ပစ္စည်းတွေကို သိမ်းယူနိုင်ခဲ့သလို သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ရုပ်အလောင်းတွေကို မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

ရက္ခိုင့်တပ်တော်အနေနဲ့ ရခိုင်ပြည်နယ်နဲ့ ပလက်ဝမြို့နယ်အတွင်း စစ်ဆင်ရေးအရှိန်တိုးမြှင့်တိုက်ခိုက်နေတာ ဖြစ်ပြီး ကျန်တဲ့ စစ်ရေးပစ်မှတ်နေရာတွေကို တိုက်ခိုက်သိမ်းယူသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

AA ဟာ ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ မြောက်ဦးရဲစခန်းနဲ့ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ပလက်ဝမြို့ ခဝဲဗျူဟာကုန်းတို့ကိုလည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း လက်နက်ချပူးပေါင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ အသက်အာမခံချက်ရှိမှာဖြစ်သလို မိသားစုဆွေမျိုးတွေနဲ့ တွေ့ခွင့်ရမှာဖြစ်တယ်လို့လည်း AA က ထုတ်ပြန်ကြေညာထားပါတယ်။

၁၀၂၇ စစ်ဆင်ရေးကို ညီနောင်မဟာမိတ်အဖွဲ့တွေနဲ့အတူ တိုက်ခိုက်နေတဲ့ ရက္ခိုင့်တပ်တော် (AA) ရှမ်းပြည်နယ်မြောက်ပိုင်းအပြင် ရခိုင်ပြည်နယ်မှာလည်း ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။