တိုက်ပွဲအတွင်း ရိုဟင်ဂျာတွေကို ပစ်မှတ်ထားတယ်ဆိုတဲ့ စွပ်စွဲချက် AA ငြင်းဆို
2024.05.19

ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်မှာရှိတဲ့ ဘူးသီးတောင် မြို့သိမ်းတိုက်ပွဲ ထိုးစစ်အတွင်း ရိုဟင်ဂျာတွေကို ပစ်မှတ်ထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ မဟုတ်မှန်ဘူးလို့ ရက္ခိုင့်တပ်တော် (AA) က မေလ ၁၈ ရက်နေ့က ငြင်းဆိုလိုက်ပါတယ်။
သီတင်းပတ်နဲ့ချီ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ဘူးသီးတောင်မြို့နယ်က စစ်ကောင်စီစခန်းအားလုံးကို သိမ်းနိုင်ခဲ့ပြီး မေလ ၁၈ ရက်နေ့မှာ မြို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ AA ပြောခွင့်ရ ဦးခိုင်သုခက ရိုက်တာသတင်းဌာနကို တယ်လီဖုန်းကတစ်ဆင့် ပြောပါတယ်။
ရိုဟင်ဂျာတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေကို AA က ငြင်းဆိုလိုက်တယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။ AA တပ်တွေ မြို့ထဲမဝင်ခင်ကတည်းက စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ တိုက်ခိုက်လို့ ဘူးသီးတောင်မြို့ မီးလောင်ကျွမ်းတာလို့ ခိုင်သုခက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ရိုဟင်ဂျာ လွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ ပူးတွဲတည်ထောင်သူ ဦးနေစန်းလွင်ကတော့ မြို့လယ်ကို AA တပ်ဖွဲ့ဝင်တွေဝင်လာပြီး လူတွေကို အိမ်တွေကနှင်ထုတ်ရုံမက အိမ်တွေကို မီးရှို့တယ်လို့ မျက်မြင်တွေက ပြောကြားတဲ့အကြောင်း ရိုက်တာသတင်းဌာနကို ပြောပါတယ်။
နှစ်ဖက်ပြောကြားချက်တွေကို ရိုက်တာက အတည်မပြုနိုင်သေးတဲ့အကြောင်းနဲ့၊ ထင်မြင်ချက်တောင်းခံဖို့ စစ်ကောင်စီပြောခွင့်ရကို ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့မရဘူးလို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။