ဦးဇော်ဌေး ပြောကြားချက်တွေကို AA ကန့်ကွက်


2019.01.08
aa-stat-622.jpg ရက္ခိုင့်တပ်မတော် AA ရဲ့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့ ထုတ်ပြန်ချက်ကို တွေ့ရစဉ်
Credit: AA

နိုင်ငံတော်သမ္မတရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မနေ့က နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ ရက္ခိုင့်တပ်မတော် AA နဲ့ ပတ်သက်လို့ ပြောဆိုခဲ့တာတွေဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲပြောဆို ချက်တွေဖြစ်ကြောင်းနဲ့ ဒါတွေကို ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်ကို AA က ထုတ်ပြန်လိုက်ပါတယ်။

မနေ့က သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေးက AA အဖွဲ့ဟာ ၂ဝ၁၈ ဇူလိုင်လအတွင်း ARSA အဖွဲ့နဲ့ ဘင်္ဂလားဒေ့ရှ် မှာတေ့ွဆုံခဲ့သလို ARSA နဲ့ AA အကြား လှုပ်ရှားမယ့်နယ်မြေ ခွဲခြားသတ်မှတ်တာတွေ ရှိခဲ့တယ်လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် ရခိုင်တိုင်းရင်းသားတွေအနေနဲ့ ရက္ခိုင့်တပ်မတော် AA အပေါ် ထောက်ခံနေတာတွေ ရပ်တန်းက ရပ်ဖို့ကိုလည်း သူက သတိပေးခဲ့ပါတယ်။

သမ္မတရုံးပြောရေးဆိုခွင့်ရှိသူရဲ့ ပြောဆိုမှုတွေအပေါ် AA ရဲ့ ကန့်ကွက်စာမှာ အစိုးရအနေနဲ့ သူတို့ကို ဂုဏ်သိက္ခာ ကျဆင်းအောင်၊ မိတ်ဖက်အဖွဲ့အစည်းများရဲ့ နားလည်မှုလွဲအောင်၊ ရခိုင်ပြည်သူတွေရဲ့ ထောက်ခံမှုလျော့နည်းအောင် ပြောဆိုတာဖြစ်ပြီး ဒါဟာ အစိုးရရဲ့ဂုဏ်သိက္ခာနဲ့ မလျော်ညီဘူးလို့ ပြောပါတယ်။

AA ရဲ့ စစ်ဦးစီးချုပ် ထွန်းမြတ်နိုင် ကိုယ်တိုင်က ARSA အဖွဲ့နဲ့ AA ပတ်သက်မှုမရှိဘူးလို့ ရက္ခိုင့်တပ်မတော် သတင်းနဲ့ပြန်ကြားရေး အင်တာနက်စာမျက်နှာကတဆင့် ပြောထားတာရှိပါတယ်။

ရက္ခိုင့်တပ်မတော် AA နဲ့ ARSA အကြမ်းဖက်အဖွ့ဲတွေ ဆက်စပ်မှုရှိတယ်ဆိုတဲ့ သမ္မတရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးရဲ့ ပြောဆိုမှုဟာ အမှန်တကယ် မဖြစ်နိုင်ဘူးလို့ ရခိုင်တိုင်းရင်းသား နိုင်ငံရေးပါတီတွေ၊ အရပ်ဖက်အဖွဲ့တွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက ယုံကြည်နေကြပါတယ်။

AA နဲ့ ARSA အမှန်တကယ် ပတ်သက်မှုရှိတယ်ဆိုရင် အစိုးရဘက်က သတင်းအရင်းအမြစ်တစ်ခုက သိရတယ်ဆိုတာမျိုးလောက် ပြောတာမဟုတ်ဘဲ တိတိကျကျထုတ်ပြန်ဖို့လိုကြောင်းနဲ့ အခုလို နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်လာချိန်မှ ပြောတာထက် အရင်ကတည်းက ပြည်သူတွေကို အသိပေးဖို့လိုတယ်လို့လည်း ပြောကြပါတယ်။

ရခိုင်ပြည်သူတွေက ARSA ကို မလိုလားတာကြောင့် AA က ARSA နဲ့ ပူးပေါင်းမှာ မဟုတ်ဘူးလို့ ယုံကြည်ကြောင်း ရခိုင်အမျိုးသားပါတီရဲ့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

“ရခိုင်ပြည်သူတွေကလည်း ARSA ကိုလုံးဝ မလိုလားတဲ့ ပြည်သူတွေပါ။ AA အနေနဲ့ ARSA နဲ့ ပေါင်းမယ် ဆိုရင်လည်း ကျနော်တို့လက်ခံမှာ မဟုတ်ဘူး။ အဲလိုပေါင်းဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ကျနော်တို့ ထင်တယ်။ AA ကလည်း ပူးပေါင်းမှာ မဟုတ်ဘူးလို့ ပြောတယ်။ ဒါကြောင့် ဒီသတင်းအရင်းအမြစ်တွေပေါ်မှာ ကျနော်တို့ အယုံအ ကြည်မရှိဘူး။ ARSA နဲ့ ပူးပေါင်းခြင်းဖြစ် ပိုပြီးတော့ပဲ AA အတွက် နစ်နာစရာရှိတယ်။ ဒါကြောင့် ဒီအပေါ်မှာ တစ်ယောက်နဲ့ တစ်ယောက် ဆက်ပြီးတော့ အပြစ်တင်ပြောနေမယ့်အစား ငြိမ်းချမ်းရေးဖြစ်စဉ်ကို သွားဖို့ပဲ အားပေးပါတယ်။ လိုလားပါတယ်။”

တိုင်းရင်းသားတွေက တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် စစ်ရေး၊ နိုင်ငံရေး စတဲ့ နည်းလမ်းပေါင်းစုံနဲ့ အကောင်အထည်ဖော်ကြရာမှာ အစိုးရက တိုင်းရင်းသားတွေကို သူတို့မျိုးနွယ်တူ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို မထောက်ခံဖို့ ပြောတာဟာ မဖြစ်နိုင်တဲ့ အခြေအနေတစ်ခုဖြစ်တယ်လို့ မှတ်ချက်ပြုကြပါတယ်။

အစိုးရတပ်မတော်နဲ့ AA တို့ တိုက်ပွဲမဖြစ်ခင်ကာလကတည်းက ရခိုင်ပြည်နယ်ဟာ အဆင်းရဲဆုံးပြည်နယ်ဖြစ်တာမို့ ရခိုင်တိုင်းရင်းသားတွေက AA အပေါ် ထောက်ခံတာကြောင့် ပြည်နယ်တိုးတက်မှု လျော့နည်းလာမယ်ဆိုတဲ့ ပြောဆိုချက်ဟာလည်း လက်ခံနိုင်စရာမရှိဘူးလို့ တုံ့ပြန်ကြပါတယ်။

“ကျနော်တို့ ရခိုင်ပြည်တိုးတက်ဖို့ဆိုရင် ဘယ်အုပ်စု၊ ဘယ်အဖွဲ့အစည်းမဆို ကျနော်တို့ လက်ခံပါတယ်။ ဒါပေမဲ့ ကျနော်တို့ ရခိုင်ပြည်ထဲမှာ အရင်က စစ်ပွဲတွေမရှိခဲ့ဘူး။ တိုက်ပွဲတွေမရှိခဲ့ဘူး။ ဒါပေမဲ့ ရခိုင်ပြည်နယ်ဟာ တိုင်းနဲ့ ပြည်နယ် ၁၄ ခုထဲမှာ အဆင်းရဲဆုံးပြည်နယ်ဖြစ်သွားတယ်။ အခုမှ စစ်ပွဲဖြစ်ပြီးမှ ရခိုင်ပြည်နယ်ကို တိုးတက်အောင်လုပ်မယ်ဆိုတာက ကျနော်တို့ ပြည်သူလူထုအတွက် မစဉ်းစားဘဲ သူပြောချင်တာကို ပြောသွားတာနဲ့တူတယ်။”

ဒါက ရခိုင်ပြည်နယ်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့ ဥက္ကဋ္ဌ အမ်းသားကြီးရဲ့ သဘောထားကို ကြားခဲ့ရတာပါ။

သမ္မတရုံး ညွန်ချုပ် ဦးဇော်ဌေးက AA ကြောင့် ရခိုင်ပြည်နယ် ဆိုးကျိုးနဲ့ ကောင်းကျိုး ဘယ်ဟာများမလဲဆိုတာကို ရခိုင်လူထုက စဉ်းစားဖို့လိုတယ်လို့လို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးလှမြင့်က သမ္မတရုံးညွန်ချုပ်ရဲ့ ပြောဆိုမှုတွေဟာ ရခိုင်လူထုနဲ့ အစိုးရကြား ပိုဝေးကွာသွားစေနိုင်တယ်လို့ ပြောပါတယ်။

“ဦးဇော်ဌေးပြောတဲ့ဟာက အကုန်လုံးကို သိမ်းကြုံးပြီး ပြောပစ်လိုက်တဲ့ သဘောရှိတာပေါ့။ အဲလိုမျိုးဆိုရင် ပိုပြီးရခိုင်လူထုနဲ့ ဝေးသွားမှာပေါ့ဗျာ။ ဒီကိစ္စကို ဘယ်လိုရှင်းနိုင်မလဲဆိုတဲ့ ဒီထက်ကောင်းတဲ့ နည်းလမ်းရှာ ရင်ပိုကောင်းမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ တောထဲမှာနေတဲ့သူတွေက တပ်ကလာရင်လည်း တပ်ကို ကြောက်ရသလို AA လာရင် AA ကိုကြောက်ရတယ်။ တပ်ကလာရင်လည်း AA လို့ပြောသလို AA က လာရင်လည်း တပ်ကသူတွေလို့ပဲပြောမှာပဲ။ ဘဝတစ်လျှောက်လုံးမှာ ဒီလိုပဲ ကြောက်လာခဲ့ရတာပဲလေ။”

နောင်လာမယ့် ၁၀ စုနှစ်တွေမှာ တခြားတိုင်းနဲ့ ပြည်နယ်တွေက ငြိမ်းချမ်းရေးနဲ့ ဆက်စပ်ပြီး ဖွံ့ဖြိုးလာချိန်မှာ ရခိုင်ပြည်နယ် ဘယ်လိုပုံစံဖြစ်နေမလဲဆိုတာ သုံးသပ်ဖို့လိုတယ်လို့လည်း ဦးဇော်ဌေးက ရခိုင်ပြည်နယ်သူ၊ ပြည်နယ်သားတွေကို ရည်ရွယ်ပြောခဲ့ပါတယ်။

ကျောက်ဖြူဒေသခံ ဦးထွန်းကြည်က တိုင်းရင်းသားတွေအနေနဲ့ ဘယ်လိုတားမြစ်ချက်တွေရှိရှိ သူတို့တိုင်းရင်းသား မျိုးနွယ်စုတွေ တည်ထောင်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ထောက်ခံမှုတွေရှိနေမှာဖြစ်တယ်လို့ ပြောပါတယ်။

“ဦးဇော်ဌေး ပြောစကားဟာ စိတ်ပျက်စရာကောင်းတယ်လို့ ကျနော်မြင်မိတယ်။ မြန်မာနိုင်ငံမှာ လက်နက်ကိုင်က ရခိုင်တစ်ခုတည်းရှိနေတာ မဟုတ်ဘူး။ မြန်မာမဟုတ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်က အကုန်လုံးရှိနေ ကြတယ်။ လက်ရှိအချိန်မှာလည်း တိုက်ပွဲတွေဖြစ်နေကြတယ်။ ဒါပေမဲ့ ဦးဇော်ဌေးက AA ကို မထောက်ခံကြဖို့ ဒါကတော့ ကျနော်ထင်တယ်။ ဘယ်တိုင်းရင်းသားကိုမှ ပြောလို့ရမှာမဟုတ်ပါဘူး။ မထောက်ခံဖို့လည်း ဘယ်လိုအကြောင်းပြချက်နဲ့မှ ဒီမေတ္တာရပ်ခံချက်က အဆင်မပြေဘူးလို့ ကျနော်မြင်တယ်။ KIA ကိုလည်း ကချင်ပြည်နယ်မှာ ထောက်ခံကြတာပါပဲ။ ရခိုင်ကထူထောင်ထားတဲ့ တပ်မတော်တစ်ခုကို ရခိုင်က ထောက်ခံနေမှာပါပဲ။”

ရခိုင်တပ်မတော် AA ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလာဖို့ ငြိမ်းချမ်းရေးကော်မရှင်က ခေါ်ထားပြီး ဖြစ်သလို ရခိုင်ပြည်နယ်အနေနဲ့ တန်းတူညီတူအခွင့်အရေးတွေရရှိဖို့ ပုံမှန်လမ်းကြောင်းက လုပ်ဆောင်သင့်တယ်လို့ အစိုးရဘက်က ပြောထားပါတယ်။

ရခိုင့်တပ်မတော် AA က ထုတ်ပြန်လာတဲ့ ကြေညာချက်မှာဆိုရင်တော့ AA အနေနဲ့ မတရားဖိနှိပ်ခံရမှုတွေကို တွန်းလှန်သွားမှာဖြစ်သလို ငြိမ်းချမ်းရေးအတွက်လည်း ရဲရဲဝံ့ဝံ့ဆွေးနွေးသွားမှာဖြစ်တယ်လို့ ပြောထားပါတယ်ရှင်။

ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။