စစ်ရေးနည်းနဲ့ ဖိအားပေးတဲ့ နည်းလမ်းဟာ ပြဿနာရဲ့အဖြေမဟုတ်ကြောင်း ALD ပါတီ ပြော


2019.01.11
ald-statement-622.JPG ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီရဲ့ ကြေညာချက်ကို တွေ့ရစဉ်
.

စစ်ရေးနဲ့ဖိအားပေးတဲ့နည်းလမ်းဟာ ရခိုင်ပြည်နယ်သာမက တစ်ပြည်လုံးငြိမ်းချမ်းရေးအတွက် အဖြေမဟုတ်ဘူးလို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီက ပြောခွင့်ရသူ ဦးဦးလှမြင့်က ပြောပါတယ်။

ဇန်နဝါရီလ ၇ ရက်နေ့က နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြား ခဲ့တာနဲ့ ပတ်သက်ပြီး ALD ပါတီက လက်မခံနိုင်ကြောင်း ဇန်နဝါရီလ ၁၀ ရက်နေ့ မနေ့က သဘောထားထုတ်ပြန်ခဲ့ တာကို RFA က မေးမြန်းရာမှာ ဦးဦးလှမြင့်က ပြောကြားလိုက်တာပါ။

တပ်မတော်နဲ့ AA တို့ တိုက်ပွဲဖြစ်ပွားနေတာကို မလိုလားကြောင်း၊ ပြဿနာကိုနိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးအဖြေ မရှာဘဲ ရဟန်းသံဃာ လူကြီးသူမ အပါအဝင် ရခိုင်ပြည်သူတို့ကိုပါ အကျပ်ကိုင်ခြိမ်းခြောက်တဲ့ နည်းလမ်းနဲ့ ဖြေရှင်း ဖို့ကြိုးပမ်းမှုတွေကို လက်မခံနိုင်ကြောင်း ALD ပါတီရဲ့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

ရခိုင်ဒေသမှာ နှစ်ပေါင်း ၅၀ နီးပါး စစ်ဖြစ်ပွားမှုမရှိခဲ့ပေမယ့် အဆင်းရဲဆုံးပြည်နယ်မှာ ဒုက္ခတွေရင်ဆိုင်နေရတာကို အခုလို ပြောဆိုမှုတွေက လိုရာဆွဲပြောတာမို့ လက်မခံနိုင်ကြောင်းလည်း ကြေညာချက်မှာ ပါရှိပါတယ်။

အလားတူ ထိုင်းနိုင်ငံအခြေစိုက်တဲ့ ရခိုင်ကျောင်းသားရဟန်းတော်များအဖွဲ့ကလည်း နောင်လာမယ့် ဆယ်စုနှစ်ပေါင်း များစွာထဲ စစ်ပွဲသံသရာလည်သွားတာကို မြင်ချင်သလားလို့ ဦးဇော်ဌေးရဲ့ ပြောကြားတာဟာ ရခိုင်ဒေသမှာ ရခိုင် လူမျိုးတွေ တည်ရှိမှုကို ခြိမ်းခြောက်တဲ့ အသုံးအနှုန်းဖြစ်တဲ့အပြင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုး သားပြန်လည်သင့်မြတ်ရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို အထောက်အကူမပြုဘူးလို့ ထုတ်ပြန်ထား ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။