ရာထူးဝန်အဖွဲ့နဲ့ ပြည်ပတက္ကသိုလ် ၂ ခု လေ့ကျင့်သင်တန်းပေးမှုတွေ ရပ်ဆိုင်း
2019.01.07

အစိုးရရဲ့ ပြည်ထောင်စုရာထူးဝန်အဖွဲ့က ပြည်ပတက္ကသိုလ်နှစ်ခုနဲ့ ချိတ်ဆက် ပူးပေါင်းပြီး အစိုးရ အရာရှိကြီးတွေကို လေ့ကျင့် သင်တန်းပေးနေတာတွေကို ဇန်နဝါရီလ ၄ ရက်နေ့က စတင်ပြီး အပြီး ရပ်ဆိုင်းထားလိုက်ကြောင်း သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောကြားလိုက်ပါတယ်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဟာ ပြည်ပတက္ကသိုလ်အတုတွေနဲ့ပေါင်းပြီး ဘွဲ့အတုတွေ ပေးနေကြောင်း စုံစမ်းရေးသားထောက်ပြတာတွေ ပေါ်ပေါက်ခဲ့အပြီး အစိုးရက ကိုင်တွယ်ဖြေရှင်းမှုရှိမရှိ ဒီနေ့ ညနေက ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ဦးက မေးမြန်းရာမှာ ဦးဇော်ဌေးက အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
အစိုးရ ဗဟိုဝန်ထမ်းတက္ကသိုလ်တွေမှာ လက်ရှိ ဒီမိုကရေစီနစ်နဲ့ ဆန့်ကျင်တဲ့ စိတ်ဓာတ်ရေးရာ ဝါဒဖြန့်ချိမှုတွေ သင်ကြားနေကြောင်း RFA အပါအဝင် ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေကို ရေးသားခဲ့အပြီး နိုင်ငံတကာက အသိမှတ်ပြုခြင်းမရှိတဲ့ ပြည်ပတက္ကသိုလ် ၂ ခုနဲ့ သင်တန်းပေးနေတာတွေ ဆက်တိုက် ပေါ်ပေါက်ခဲ့ပါတယ်။
ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဟာ သက်ဆိုင်ရာနိုင်ငံတွေက အသိမှတ်ပြုခြင်းမရှိတဲ့ အမေရိကန်ပြည်ထောင်စု ဟာဝိုင်ယီကျွန်း အခြေစိုက် Akamai တက္ကသိုလ်နဲ့ မလေးရှားနိုင်ငံက EDS ပညာသင်ကျောင်းတွေနဲ့ ချိတ်ဆက်ပြီး အစိုးရဌာနဆိုင်ရာ အကြီးအကဲတွေကို ဘွဲ့လက်မှတ်သင်တန်းတွေ ပေးနေခဲ့တာဟာ ၂ဝ၁၇ ခုနှစ် နှစ်လယ်ခန့်က စတင်ပြီး သင်တန်းတွေ စတင်ပေးခဲ့တာဖြစ်ပါတယ်။
ဒီလိုရပ်ဆိုင်းလိုက်တာနဲ့ပတ်သက်လို့ ပြည်ထောင်စု ရာထူးဝန်အဖွဲ့က အခုအချိန်အထိ တစ်စုံတစ်ရာ ထုတ်ဖော်ကြေညာထားခြင်းမရှိသလို အဖွဲ့ရဲ့ လူမှုရေးစာမျက်နှာနဲ့ အင်တာနက်စာမျက်နှာတွေမှာလည်း တစ်စုံတစ်ရာ အသိပေးကြေညာထားတာလည်း မရှိသေးပါဘူး။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာဖြစ်ပါတယ်။