စစ်ကောင်စီ တပ်ရင်းနှစ်ခုကို တစ်ရက်တည်းသိမ်းပိုက်ခဲ့ကြောင်း AA အဖွဲ့ထုတ်ပြန်

RFA Burmese
2024.02.01
စစ်ကောင်စီ တပ်ရင်းနှစ်ခုကို တစ်ရက်တည်းသိမ်းပိုက်ခဲ့ကြောင်း AA အဖွဲ့ထုတ်ပြန် မင်းပြားမြို့အခြေစိုက် စစ်ကောင်စီတပ် (၉) လက်အောက်ခံ ခမရ (၃၇၉) တပ်ရင်းထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းအချို့နှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့အား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်နေ့တွင် ရက္ခိုင့်တပ်တော် (AA) မှ ထုတ်ပြန်ခဲ့စဥ်။
AA Info Desk

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ စစ်ကောင်စီတပ်က အခိုင်အမာ တည်ဆောက်ထားတဲ့ ခမရ - ၅၄၀ တပ်ရင်းနဲ့ ကျောက်တော်မြို့အခြေစိုက် ခမရ - ၃၇၄ တပ်ရင်းနှစ်ခုကို ဇန်နဝါရီလ ၃၀ ရက်နေ့က အလုံးစုံသိမ်းပိုက်ခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA) က မနေ့ညက ထုတ်ပြန်ပါတယ်။

အဲဒီ ခမရ - ၅၄၀ တပ်ရင်းဟာ မြောက်ဦးမြို့ ပြည်သူလူထုနဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို ဒုက္ခပေးဖျက်ဆီးနေတဲ့ တပ်စခန်းတစ်ခု ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

နောက်ထပ် ကျန်ရှိနေတဲ့ မြောက်ဦးမြို့အခြေစိုက် ခမရ - ၃၇၇၊ ခမရ- ၃၇၈ တပ်ရင်းတွေကိုလည်း တစ်ပြိုင်နက် ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့လည်း ဆိုပါတယ်။

အလားတူ ဇန်နဝါရီ ၃၀ ရက်နေ့မှာပဲ ကျောက်တော်မြို့အခြေစိုက် ခမရ - ၃၇၄ တပ်ရင်းကို ရက္ခိုင့်တပ်တော် (AA) က ဆက်လက်သိမ်းပိုက်ခဲ့သလို ဇန်နဝါရီလ ၂၈ ရက်နေ့ကလည်း မင်းပြားမြို့အခြေစိုက် ခမရ - ၃၈၀ တပ်ရင်းကို သိမ်းပိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

လက်ရှိမှာတော့ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနဲ့ ရမ်းဗြဲမြို့နယ်တွေမှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း တပ်စခန်းတွေမကျဖို့ လေကြောင်း၊ ရေကြောင်းနဲ့ လက်နက်ကြီးပစ်ကူတွေပေးပြီး ခုခံကာကွယ်နေသလို စစ်အင်အားနဲ့ လက်နက်၊ ခဲယမ်းတွေလည်း အများအပြား ဖြည့်တင်းနေတယ်လို့ဆိုပါတယ်။

ရမ်းဗြဲမြို့မှာတော့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကူလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ရက္ခိုင့်တပ်တော် (AA) က မနေ့က ကြားဖြတ်တိုက်ခိုက်ရာမှာ စစ်ကောင်စီ တပ်သားအလောင်းတွေနဲ့ လက်နက်ခဲယမ်းတချို့ သိမ်းပိုက်ရရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်မှာလည်း ဇန်နဝါရီလ ၃၁ ရက် မနေ့က အချိန်တစ်နာရီခန်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပုဏ္ဏားကျွန်းမြို့နယ် ဆားကုန်ဘုတ်ရွာကို ရည်ရွယ်ချက်ရှိရှိ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့လည်းဆိုပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်တာမ ရှိသေးပါဘူး။ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကိုလည်း RFA က ဆက်သွယ်ခဲ့ရာမှာလည်း ဖုန်းစက်ပိတ်ထားတာကြောင့် ဆက်သွယ်လို့မရခဲ့ပါဘူး။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားတာ အချိန်နှစ်လကျော်ရှိသွားပါပြီ။ ဒီနှစ်လတာအတွင်းမှာ ချင်းပြည်နယ် ပလက်ဝနဲ့ ရခိုင်ပြည်နယ် ပေါက်တောကို ရက္ခိုင့်တပ်တော် (AA) က အလုံးစုံသိမ်းပိုက်ခဲ့ပြီး ရခိုင်ပြည်နယ်အတွင်းမှာလည်း စစ်ကောင်စီရဲ့ တပ်ရင်းကြီးငါးရင်းနဲ့ ဗျူဟာကုန်းတွေ၊ တပ်စခန်းတွေ အများအပြားကို AAက သိမ်းပိုက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။