ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲပြင်းထန်နိုင်လို့ ဘေးလွတ်ရာ​ပြောင်းကြဖို့ AA သတိပေး

RFA Burmese
2024.05.20
ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲပြင်းထန်နိုင်လို့ ဘေးလွတ်ရာ​ပြောင်းကြဖို့ AA သတိပေး ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။
ရက္ခိုင့်တပ်တော် - သတင်းနှင့် ပြန်ကြားရေးဌာန

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောနဲ့ သံတွဲမြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တဲ့အတွက် ‌ဒေသခံပြည်သူတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ဘေးလွတ်ရာကို အမြန်ဆုံးပြောင်းရွှေ့ထားဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က မေလ ၂၀ ရက်နေ့ နေ့စွဲနဲ့ သတိပေးထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းကို စစ်ကောင်စီက လေကြောင်းနဲ့ ရေကြောင်းအပါအဝင် လက်နက်ကြီးနဲ့ နေ့စဉ်ပစ်ခတ်နေတဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းတွေတူးထားဖို့နဲ့ စစ်ပွဲအန္တရာယ်ဇုံကနေ အမြန်ဆုံးပြောင်းရွှေ့ဖို့ တိုက်တွန်းထားပါတယ်။

အဲဒီနယ်မြေတွေမှာရှိတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက တာဝန်ရှိသူတွေကို လုံခြုံရေးအတွက် ဘေးလွတ်ရာကို အမြန်ဆုံးပြောင်းရွှေ့ဖို့နဲ့ စစ်ပွဲအန္တရာယ်ဇုန်အတွင်းပိတ်မိခဲ့ပါက ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်နဲ့ ရက္ခိုင်တပ်တော်ကို ဆက်သွယ်အကူအညီတောင်းခံနိုင်တယ်လို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေနေ့စဉ်ပြင်းထန်နေပြီး စစ်ကောင်စီက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး ဆေးရုံ၊ စျေး၊ စာသင်ကျောင်းနဲ့ သာသနိကအဆောက်အအုံတွေကိုပါ လေကြောင်းကရော လက်နက်ကြီးနဲ့ပါ ပစ်ခတ်တာတွေရှိနေပြီး မီးရှို့ဖျက်ဆီးနေတာတွေ လုပ်နေတယ်လို့ အဲဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရက္ခိုင့်တပ်တော် (AA) က ဘူးသီးတောင်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့တပ်စခန်းအားလုံးကို မေလ ၁၈ ရက်နေ့က သိမ်းပိုက်ရယူပြီးဖြစ်တယ်လို့ ကြေညာထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲအခြေအနေနဲ့ ပြည်သူတွေ ထွက်ပြေးနေရတာတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။