ဘူးသီးတောင် နယ်ခြားစောင့်ရဲစခန်းကို AA တိုက်ခိုက်


2019.07.26
butheetaung-622.jpg ဘူးသီးတောင်မြို့အဝင် ဆိုင်းဘုတ်ကို တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ညောင်ချောင်းနယ်ခြားစောင့်ရဲစခန်းကို AA အဖွဲ့က ဒီနေ့ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး နှစ်ဘက်အထိအခိုက်ရှိခဲ့သလို အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ညောင်ချောင်းကျေးရွာမှာရှိတဲ့ နယ်ခြားစောင့်ရဲကင်းစခန်းကို AA အဖွဲ့က ဒီနေ့မနက် ၄ နာရီလောက်က ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အခုလိုတိုက်ခိုက်မှုကြောင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် နှစ်ဦးဒဏ်ရာရသွားပြီး AA အဖွဲ့က အလောင်းနဲ့ လက်နက်အချို့သိမ်းဆည်းရမိခဲ့တယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

“တိုင်းရင်းသားတွေကို အကာအကွယ်ပေးတဲ့ ရဲကင်းစခန်းကို ဒီနေ့မနက်မှာ အေအေအကြမ်းဖက် သောင်းကျန်းသူတွေပေါ့နော် အင်အား ၁၀၀ ဝန်းကျင်လောက်ရှိတာပေါ့။ မနက် ၄ နာရီ ၁၅ မှာ အဲဒီ မေယုမြစ်ကနေ တက်လာပြီးတော့မှာ အဲဒီ မေယုမြစ်နားမှာ ကာဒီရွာနှစ်ရွာရှိတယ်။ ကာဒီ ၁၊ ကာဒီ ၂ ဆိုပြီးတော့ အဲဒီကာဒီ ရွာနှစ်ရွာကြားမှာ ချောင်းလေးရှိတယ် မေယုမြစ်ထဲကိုစီးဝင်တဲ့ချောင်း။ အဲဒီချောင်းအတိုင်း စက်လှေနဲ့ဝင်ပြီးတော့မှ ညောင်ချောင်းရဲကင်းစခန်းကို တောင်ဘက်နဲ့ အနောက်တောင်ဘက်ကနေ ဝင်ပြီးတော့ပစ်တယ်။ ပစ်တာကတော့ နာရီဝက်ကျော်ကျော်ပစ်တာ။ ပြီးတာကတော့ ၅ နာရီ ၄၅ လောက်မှာတော့ ပစ်ခတ်မှုငြိမ်သွားတာပေါ့။ ကျွန်တော်တို့ဘက်ကတော့ လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ယောက် ဒဏ်ရာရတာပေါ့။ အေအေဘက်ကတော့ အလောင်းလက်နက်တော့ ရတာပေါ့”

နယ်ခြားစောင့်တပ်ဖွဲ့က ပြန်လည်ခုခံပစ်ခတ်မှုတွေကြောင့် စခန်းကျမသွားဘူးလို့လည်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

ရက္ခိုင့်တပ်တော်(AA)ရဲ့ပြောခွင့်ရသူ ခိုင်သုခ နယ်ခြားစောင့်ရဲစခန်းကို တိုက်ခိုက်တဲ့ကိစ္စနဲ့ ပတ်သက်လို့ အခုလို ပြောပါတယ်။

“အဲဒီစခန်းက သူတို့ဗမာစစ်တပ်ကပြောသလိုမျိုး ရဲစခန်းမဟုတ်ပါဘူး။ အဲဒီမှာ နယ်ခြားစောင့်စခန်းမှာ စစ်တပ်ကလည်းလာပြီးတော့ ထိုင်ထားတယ်။ အဲဒီနေရာကနေပြီးတော့ အဓိကသူတို့က ဒီရသေ့တောင်ဘက်နဲ့ ဘူးသီးတောင်ဘက် နေရာတချို့ကို သူတို့အဲဒီကနေပြီးတော့ ထောက်ပံ့ရေးလုပ်တာရှိတယ်။ နောက်ပြီးတော့ အဲဒီမှာဒေသခံတွေကိုလည်း အဲဒီကနေပြီးတော့မှ ခြိမ်းခြောက်မတရားအနိုင်ကျင့်တဲ့ဥစ္စာတွေ အများကြီးလုပ်နေတာတွေရှိတယ်။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့က သူတို့ကို လိုအပ်သလိုသွားပြီးတော့မှ ပစ်ခတ်တဲ့သဘောပါပဲ။ ဆိုလိုတာကတော့ သတိပေးပစ်ခတ်တာပေါ့ဗျာ”

မနက် ၅ နာရီ ၄၅ မိနစ်လောက်မှာ AA အဖွဲ့က ဆုတ်ခွာသွားချိန်မှာ ကာဒီမွတ်စလင်ကျေးရွာကို ပစ်ခတ်ခဲ့လို့ အမျိုးသမီး ၃ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

ရက္ခိုင့်တပ်တော်(AA)ရဲ့ပြောခွင့်ရသူ ခိုင်သုခကတော့ ရဲစခန်းတိုက်ခိုက်ခံရလို့ မြန်မာ့တပ်မတော်က ရမ်းသမ်းပစ်ခတ်ခဲ့တာဖြစ်ပြီး အမျိုးသမီး သုံးဦးအပြင် ညောင်ချောင်းကျေးရွာက လူငယ်တစ်ဦးကိုပါ ကျည်ထိမှန်သွားတယ်လို့ ပြောပါတယ်။

အရပ်သားတွေ ထိခိုက်တဲ့ကိစ္စနဲ့ပတ်သက်လို့ ဘယ်သူ့လက်ချက်ဆိုတာကို RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

ဒီနေ့မနက်က တိုက်ခိုက်မှုကြောင့် AA အဖွဲ့က အလောင်းတစ်လောင်းရရှိခဲ့ပြီး တပ်ကနယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေတယ်လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

ညောင်ချောင်းကျေးရွာက အမည်မဖော်လိုတဲ့ ရွာခံတစ်ဦးကတော့ ဒီနေ့မနက်ကဖြစ်စဉ်ကြောင့် ကျေးရွာသားတချို့ဟာ ကြောက်လန့်ပြီး နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးနေကြရတယ်လို့ ပြောပါတယ်။

“ရွာသားတွေက တချို့တွေကတော့ အကုန်ထွက်ပြေးကုန်ကြပြီ။ မရှိတော့ဘူး။ တချို့တစ်ဝက်လောက် ထွက်ပြေးသွားကြတာပေါ့။ ရသေ့တောင်မြို့နယ်မှာလို ဖြစ်စဉ်တွေဖြစ်မှာစိုးလို့ ကြောက်ပြီးတော့ ထွက်ပြေးကြတာ။ နီးစပ်ရာနေရာတွေကို ထွက်ပြေးကြတယ်။ အခုကတော့ ဘာသံမှမကြားတော့ဘူး။ အခုတော့ငြိမ်သက်နေပြီ”

လုံခြုံရေးအရဆိုပြီး သူ့အမည်ကိုမဖော်ဖို့ သူက ပြောဆိုပါတယ်။

ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းက ထိခိုက်ဒဏ်ရာရသူ အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၁ ဦးကို မြို့နယ်ဆေးရုံကြီးကို ပို့ဆောင်ထားပြီး အသက်အန္တရာယ်အတွက်တော့ စိုးရိမ်စရာမရှိဘူးလို့ RFA ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့က ဘူးသီးတောင်မြို့နယ်က ကျောင်းတောင်၊ ခထီးလှ၊ ငမြင်းဘော်၊ ဂုတ်ပီ နယ်ခြားစောင့်စခန်း ၄ ခုကို AA အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲအရာရှိအပါအဝင် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံးခဲ့ပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ရဲစခန်းကို AA အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ တပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးခဲ့ပါတယ်။

ဒီနေ့မနက်က ဘူးသီးတောင်မြို့နယ် ညောင်ချောင်းရဲစခန်းကို AA အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာဟာ တတိယအကြိမ်မြောက်ဖြစ်ပါတယ်။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။