တပ်မတော်(ရေ)ကို AA တိုက်ခိုက်၊ စစ်သည်အချို့ ထိခိုက်ဒဏ်ရာရ
2019.06.22
ရခိုင်ပြည်နယ် စစ်တွေမြို့ ဆတ်ရိုးကျချောင်းဝအနီးမှာရှိတဲ့ တပ်မတော်ရေကြောင်းရဲ့ တွဲဆွဲရေယာဉ်တစ်စီး ဒီနေ့မနက်က လက်နက်ကြီးနဲ့ သုံးချက်ပစ်ခတ်ခံရတာကြောင့် ရေယာဉ်ရဲ့ကိုယ်ထည်ပိုင်း အနည်းငယ်ထိခိုက် ပျက်စီးသွားသလို စစ်သည်အချို့လည်း ဒဏ်ရာရသွားတယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက RFA ကိုပြောပါတယ်။
အခုလိုပစ်ခတ်တာဟာ AA အဖွဲ့ရဲ့လက်ချက်ဖြစ်ပြီး အခုတော့ အဲဒီအနီးတဝိုက်မှာ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေသလို စစ်ဆေးမေးမြန်းတာတွေလည်း လုပ်ဆောင်နေတယ်လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။
တပ်မတော်သားတွေထိခိုက်မှုအရေအတွက်ကို RFA က မေးမြန်းရာမှာ အရေအတွက်ကို မပြောနိုင်ဘူးလို့လည်း ပြောပါတယ်။
အခုလိုပစ်ခတ်ခံရမှုကြောင့် တပ်မတော်သား အနည်းဆုံး နှစ်ဦးခန့် သေဆုံးတယ်လို့ ဒေသခံတွေက ပြောဆိုကြပေမယ့် ဗိုလ်မှူးကြီး ဝင်းဇော်ဦးက သေဆုံးတာမရှိဘူးလို့ ငြင်းဆိုပါတယ်။
ဒီဖြစ်စဉ်အတွင်းမှာပဲ ကျေးတောကျေးရွာထဲက နေအိမ်တစ်လုံးမှာ လက်နက်ကြီးကျ ရောက်ပေါက်ကွဲခဲ့ပြီး လူတွေကိုတော့ ထိခိုက်မှုမရှိပါဘူး။
တပ်မတော်ရေယာဉ် ပစ်ခတ်ခံရတဲ့နေရာအနီးက ကျေးတောကျေးရွာကို RFA က ဒီနေ့မနက်က သွားရောက်ခဲ့ရာမှာ ရွာအဝင်နဲ့လမ်းမတွေမှာ တပ်မတော်လုံခြုံရေးတွေချထားပြီး ရဲတပ်ဖွဲ့က ကျေးရွာအတွင်း ဝင်ရောက်စစ်ဆေးနေတာတွေကို တွေ့ရပါတယ်။
ရက္ခိုင့်တပ်တော်(AA)ရဲ့ပြောခွင့်ရသူ ခိုင်သုခက တပ်မတော်ရေယာဉ်ကို AA အဖွဲ့က တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း RFA ကို အတည်ပြုပြောပါတယ်။