ဆုထူးစံကုမ္ပဏီဝန်ထမ်း ၈ ဦးကို AA ဖမ်းဆီး


2019.04.02
suhtoosan-622.jpg AA က ဆုထူးစံကုမ္ပဏီဝန်ထမ်းတွေကို ဖမ်းဆီးခဲ့တဲ့ဖြစ်စဉ်ပြမြေပုံကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး VK မှာဖော်ပြထားစဉ်
Photo: တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

မြန်မာ-အိန္ဒိယနှစ်နိုင်ငံဆက်သွယ်ထားတဲ့ ပလက်ဝ-မီဇိုရမ်နှစ်လမ်းသွားကားလမ်း ဖောက်လုပ်နေတဲ့ ဆုထူးစံ ကုမ္ပဏီက ဝန်ထမ်းတွေကို AA က ဖမ်းဆီးထားပြီး ပလက်ဝတံတားစီမံကိန်းအတွင် အသုံးပြုဖို့ တင်လာတဲ့ သဘောၤကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာ-အိန္ဒိယနှစ်နိုင်ငံဆက်သွယ်ထားတဲ့ ပလက်ဝ-မီဇိုရမ်နှစ်လမ်းသွားကားလမ်း ဖောက်လုပ်နေတဲ့ ဆုထူးစံ ကုမ္ပဏီက ဝန်ထမ်း ၈ ဦးကို ရခိုင့်တပ်မတော် AA က မတ်လ ၃၀ ရက်နေ့က ဖမ်းဆီးလိုက်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီနေ့ ကြေညာချက်ထုတ်ပြန်တာပါ။

လမ်းခင်းလုပ်သားတွေကို ဖမ်းဆီးထားတယ်ဆိုတဲ့ တပ်မတော်ရဲ့ သတင်းထုတ်ပြန်ချက်နဲ့ပတ်သက်လို့ ရခိုင့်တပ်မတော် AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ က မှန်ကန်ကြောင်း အတည်ပြုပြောပါတယ်။

ဖမ်းဆီးထားတဲ့သူတွေထဲမှာ မြန်မာတပ်မတော်ရဲ့ စစ်ထောက်လှမ်းရေးဟောင်းတွေနဲ့ စစ်ထောက်လှမ်းရေးတွေနဲ့ ပတ်သက်သူတွေပါတယ်လို့ ခိုင်သုခက RFA ကိုပြောပါတယ်။

“ကျနော်တို့ ထိန်းသိမ်းထားတဲ့သူတွေထဲမှာ အရင်တုန်းက မြန်မာစစ်တပ်ရဲ့ စစ်ထောက်လှမ်းရေးဟောင်းတွေ ပါတယ်။ စစ်ထောက်လှမ်းရေးနဲ့ ဆက်စပ်တဲ့သူတွေပါနေတယ်၊ ကျနော်တို့က လိုအပ်လို့ လုံခြုံရေးအရ ဖမ်းဆီးစစ်ဆေးရတာဖြစ်တယ်။ အဲဒီပရောဂျက်ကို အနှောင့်အယှက်ပေးချင်လို့ လုပ်တာမျိုးမဟုတ်ဘူး။ ရိုးရိုးအရပ်သားတွေဆို လွှတ်ပေးဖို့ရှိတယ်။ စစ်ဘက်နဲ့ ပတ်သက်တဲ့သူတွေဆို ဆက်ပြီးတော့ ထိန်းသိမ်းထား မှာပေါ့။”

လမ်းလုပ်သားတွေ တည်းခိုနေထိုင်နေကြတဲ့ ပလက်ဝမြို့နယ်၊ တွင်းကင်းအလောင်းကျေးရွာကို AA အဖွဲ့က မတ်လ ၃၀ ရက်နေ့က အင်အား ၁၇၀ ကျော်နဲ့ ဝင်ရောက်လာပြီး အမျိုးသား ၁၁ ဦးနဲ့ အမျိုးသမီး ၂ ဦးကို ဖမ်းဆီးခဲ့တာဖြစ် တယ်လို့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဧပြီလ ၁ ရက်နေ့မှာတော့ ဖမ်းဆီးထားခဲ့တဲ့အထဲက အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၃ ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။

ဖမ်းဆီးခံထားရသူတွေဟာ ဘယ်တိုင်းရင်းသားတွေဖြစ်တယ်ဆိုတာကို အသေးစိတ်မသိရှိသေးဘူးလို့ တပ်မတော်ဘက်က ပြောပါတယ်။

အိန္ဒိယကုန်းတွင်းပိတ်ပြည်နယ်တွေနဲ့ စစ်တွေမြို့ကို ဆက်သွယ်ပြီး ကုန်သွယ်ရေးဆောင်ရွက်နိုင်ဖို့ ဆောင်ရွက်နေတဲ့စီမံကိန်းဖြစ်ပြီး ဒီစီမံကိန်းကို AA ဘက်က နှောင့်ယှက်နေတာဖြစ်တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောပါတယ်။

“နှစ်နိုင်ငံဆက်ဆံရေးနဲ့ ဆိုင်သွားလိမ့်မယ်။ အဓိကတော့ အန္ဒိယရဲ့ အတွင်းပိတ် ကုန်းတွင်းဘက်မှာကျနေတဲ့ ပင်လယ်နဲ့ ဆက်သွယ်လို့ရအောင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်တွေနဲ့ ဆက်သွယ်လို့ရအောင် စီမံကိန်းကြီးပဲ။ အဲစီမံကိန်းကတော့ နှစ်နိုင်ငံလုံးအကျိုးရှိမယ့် စီမံကိန်းကြီးပဲ။ အဲလမ်းကြောင်း ဖြတ်သန်းတဲ့နေရာအကုန်လုံးက ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေတဲ့နေရာတွေချည်းပဲ။ မြန်မာ-အန္ဒိယ ဆက်ဆံရေးနဲ့ ပတ်သက်ပြီးတော့ ဒါနှောင့်ယှက်နေတဲ့ သဘောလည်း ဖြစ်တယ်။”

ပလက်ဝ-မီဇိုရမ်လမ်းပေါ်မှာ ဆောင်ရွက်မယ့် ပလက်ဝတံတားစီမံကိန်းအတွက် အသုံးပြုမယ့် လိုအပ် တဲ့ ပစ္စည်းကိရိယာတွေ တင်ဆောင်လာတဲ့ သင်္ဘောကိုလည်း မတ်လ ၁၆ ရက်နေ့ မနက်မှာ AA ဘက် က လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ပြီး ရေယာဉ်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တပ်မတော်က နယ်မြေစိုးမိုးရေး ပြန်လည်ရရှိအောင် ဆောင်ရွက်နေပြီဖြစ်ပေမယ့် AA ရဲ့ ဆောင်ရွက်ချက်တွေကြောင့် စီမံကိန်းဟာ နှောင့်နှေးကြန့်ကြာမှုတွေရှိသွားတယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခနဲ့ မဝေမာထွန်း တို့ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။