ရက္ခိုင့်တပ်မတော်နဲ့ ဆက်နွယ်ကြောင်းတရားစွဲ ခံရသူ ထောင် ၃ နှစ်ချမှတ်ခံရ
2015.09.30
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာ AA ရက္ခိုင့်တပ်မတော်နဲ့ ဆက်နွယ်တယ်ဆိုပြီး တရားစွဲခံထားရတဲ့ လဟာပြင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမောင်ကို မတရား အသင်း အက်ဥပဒေပုဒ်မ- ၁၇(၁) နဲ့ မင်းပြားမြို့နယ် တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ် မနေ့က ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။
အဲဒီအမှုအတွက် အယူခံဝင်သွားမယ်လို့ အမှုကို လိုက်ပါကူညီပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန် က ပြောပါတယ်။
"ပထမတုန်းကတော့ ဝင်းမောင်ရယ်၊ မျိုးဝင်းကျော် ခေါ် မောင်မောင်ရယ် ၂ ယောက် ဖြစ်ပါတယ်၊ မျိုးဝင်းကျော် ခေါ် မောင်မောင်ကိုတော့ စွဲချက် တင်ပြီး နောက်ပိုင်းမှာ တရားစွဲဆိုတဲ့အဖွဲ့က ရုပ်သိမ်းလိုက်တဲ့ အတွက် ဝင်းမောင်ကပဲ ဆက်လက်ပြီးတော့ ရင်ဆိုင်တာဖြစ်ပါတယ်၊ ဒါကြောင့် သူ့ကို မနေ့က အလုပ်နှင့်ထောင်ဒဏ် ၃ နှစ် ကျခံစေတဲ့အမိန့်ကို ကျခံခဲ့တာဖြစ်ပါတယ်၊ ကျမတို့ကတော့ ဒီလိုချမှတ်တဲ့ အမိန့်ကို မကျေနပ်တဲ့အတွက် မြောက်ဦးခရိုင် တရားရုံးတော်ကို ဆက်လက်ပြီးတော့ အယူခံတင်သွင်းဖို့ စီစဉ်ဆောင်ရွက်နေပါတယ်"
မနေ့က ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ မင်းပြားမြို့နယ် လဟာပြင်ကျေးရွာအုပ်ချုပ်ရေးမှူး ကို ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာ တပ်မတော်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
အလားတူ ရက္ခိုင့်တပ်မတော်နဲ့ ဆက်သွယ်တယ်ဆိုပြီး ကျောက်တော်မြို့နယ် တရားရုံးမှာ အမှုရင်ဆိုင်နေရသူ ၁၆ ဦးရှိပြီး အဲဒီအထဲက ၁၃ ဦးလောက်ဟာ ရက္ခိုင့်တပ်မတော် AA တပ်ဖွဲ့ဝင်တွေဖြစ်ပြီး ကျန်တဲ့ ၃ ဦးကတော့ AA အတွက် ကူညီနေသူတွေဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တရားစွဲဆိုခံနေကြ ရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလအတွင်းက ကျောက်တော်မြို့နယ် ပီချောင်းဒေသမှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့ အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတဲ့နောက်ပိုင်း အခုလို ဖမ်းဆီးတရားစွဲဆိုခံခဲ့ရတာ ဖြစ်ပါတယ်။