အဖမ်းခံရသူတို့ သေဆုံးမှုအတွက် AA နဲ့ တပ် အပြန်အလှန် အပြစ်တင်
2019.10.27

ရက္ခိုင့်တပ်တော် AA က ရသေ့တောင်မြို့နယ် မေယုမြစ်အတွင်း သွားနေတဲ့ အမြန်ရေယာဉ် တစ်စီးပေါ်ကနေ သူတို့ ဖမ်းလာသူတွေထဲက အများအပြားဟာ ရဟတ်ယာဉ်တွေပေါ်က ပစ်ခတ်မှုကြောင့် သေဆုံးသွားကြတယ်လို့ ဒီနေ့ ကြေညာပါတယ်။
တပ်မတော်ကတော့ AA က ဖမ်းထားသူတွေကိုသတ်ပြီးမှ တပ်မတော်အပေါ် ပုံချတာလို့ တုံ့ပြန်လိုက်ပါတယ်။
မနေ့က မနက်ပိုင်းမှာ မေယုမြစ်အတွင်း အမြန်ရေယာဉ်နဲ့ လိုက်ပါလာတဲ့ တပ်နဲ့ ရဲအရာရှိတွေအပါအဝင် ခရီးသည် ၄၀ ကျော်ကို ရက္ခိုင့်တပ်တော် AA က ဖမ်းခေါ်သွားခဲ့တာကြောင့် တပ်မတော်က ရဟတ်ယာဉ်တွေနဲ့ လိုက်လံတိုက်ခိုက် ကယ်ဆယ်ခဲ့ပါတယ်။
အဲဒီလို ပစ်ခတ်မှုကြောင့် ဖမ်းခေါ်ခံထားရသူတွေကို တင်ဆောင်လာတဲ့ စက်လှေတွေကိုထိခဲ့တယ်၊ စက်လှေ တစ်စီး ပျက်စီးသွားပြီး နှစ်စီးနစ်မြှုပ်သွားတယ်၊ သေဆုံးသူတွေရှိသလို ထွက်ပြေးလွတ်မြောက်သွားသူတွေလည်း ရှိတယ်လို့ ရက္ခိုင့်တပ်တော် AA ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။
သေဆုံးသူတွေထဲမှာ အဖမ်းခံထားရသူတွေပါသလို AA အဖွဲ့ဝင်တွေလည်း ပါဝင်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အဖမ်းခံရသူတွေ သေဆုံးမှုတွေအတွက် တပ်မတော်မှာပဲ တာဝန်ရှိတယ်လို့ AA ပြောခွင့်ရသူ ခိုင်သုခ က RFA ကို ပြောပါတယ်။
"ရဟတ်ယာဉ်ပေါ်ကနေပြီးတော့ စက်သေနတ်တွေနဲ့ပစ်၊ ရော့ကတ်တွေနဲ့ပစ် အဲလိုတိုက်ခိုက်တယ်ဆိုတဲ့ဥစ္စာ ဒီဖြစ်ရပ်မှာ သေဆုံးသွားသူတွေက မြန်မာစစ်တပ်က ပစ်ခတ်တိုက်ခိုက်လို့ သေဆုံးတာဖြစ်တယ်။ အဲဒါကြောင့် ဒီသေဆုံးမှုဟာ မြန်မာစစ်တပ် မှာပဲ တာဝန်ရှိတယ်"
သေဆုံးသူ၊ ဒဏ်ရာရသူ၊ ထွက်ပြေးလွတ်မြောက်သူ စာရင်းအသေးစိတ်ကိုတော့ စိစစ်ပြီးရင် ထုတ်ပြန်မယ်လို့လည်း ခိုင်သုခက ပြောပါတယ်။
တပ်မတော်ဘက်ကလည်း စာရင်းအသေးစိတ် ထုတ်ပြန်မယ် လို့ပြောပါတယ်။
AA ဟာ ဖမ်းထားသူတွေကို သတ်ထားပြီးမှ တပ်မတော် ရဟတ်ယာဉ်ပစ်ခတ်လို့ သေဆုံးတာလို့ စွပ်စွဲတာဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
"တကယ့်ဖြစ်စဉ်အမှန်ကတော့ AA အဖွဲ့က ဖမ်းဆီးရမိပြီး သတ် သွားတာရှိတယ်။ ရဟတ်ယာဉ်နဲ့ တိုက်ခိုက်လို့ စက်လှေနစ်မြုပ် သွားတာ ဖြစ်နိုင်တယ်။ သူတို့အနေနဲ့ ဖုံးကွယ်ချင်တာ သူတို့ဒီဟာ မဖြစ်ခင်ထဲက သတ်ထားတာတွေရှိတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး သတင်းမကြာခင် ထုတ်ပြန်ပေးပါမယ်"
AA ဖမ်းဆီးသွားသူတွေထဲမှာ တပ်မတော်သား ၁၄ ဦး၊ ရဲတပ်ဖွဲ့ဝင် ၂၉ ဦး၊ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်း နှစ်ဦးနဲ့ အရပ်သား ၁၃ ဦး စုစုပေါင်း ၅၈ ဦး ပါဝင်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
မနေ့ကဖြစ်ရပ်နဲ့ပတ်သက်ပြီး AA ကို တပ်မတော်ဘက်က သည်းခံစရာမရှိဘူးလို့ တုံ့ပြန်ပါတယ်။
"အုပ်ချုပ်မှုကိစ္စလုပ်ပြီး ကိုယ့်ဘာသာ ပြန်လာတဲ့ ရေယာဉ်ပေါ်မှာ ပါလာတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ဘာလို့ဖမ်းခေါ်သွားတာလဲ။ အေး ခွင့်မလွှတ်ဘူး သိတာနဲ့ မနေ့က သတင်းရရချင်း ရဟတ်ယာဉ်နဲ့ လိုက်ပစ်တာ၊ ဒါမျိုးကတော့ လုံးဝလက်မခံဘူး၊ ဒီကောင်တွေကို မေတ္တာပို့စရာလည်း အကြောင်းမရှိဘူး"
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦး ပြောသွားတာပါ။
ထွက်ပြေးလွတ်မြောက်လာသူတွေ တပ်မတော်ထံ ရောက်ရှိနေပြီး ကျန်ရှိနေသေးတဲ့သူတွေကိုလည်း ဆက်လက်ကယ်တင်သွားမယ်လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။
မနေ့ကဖြစ်ရပ်နောက်ပိုင်းမှာ ရသေ့တောင်မြို့နယ် ရေပုတ်ရွာအနီး တပ်မတော်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
အဲဒီအနီးတဝိုက်ဟာ ရဲနဲ့ တပ်အရာရှိတွေ အပါအဝင် ခရီးသည်တွေ ဖမ်းခေါ်ခံရတဲ့ နေရာဖြစ်ပါတယ်။
လူထုကပစ်မှတ်ဖြစ်လာတာ အတော်ကိုဆိုးဝါးတဲ့ကိစ္စ၊ ပြည်တွင်းစစ် သမိုင်းမှာ အဲလောက်တစ်ခါမှ မဖြစ်ခဲ့ဖူးဘူး
ဒီနေ့မနက်မှာတော့ ရေပုတ်ရွာထဲက ရွာသား ၁၃ ယောက်ကို တပ်မတော်က ဖမ်းဆီးသွားတယ်လို့ အမည်မဖော်လိုတဲ့ ရွာသားတချို့က ပြောပါတယ်။
ရွာအနီးမှာဖြစ်ပွားခဲ့တာကြောင့် ရွာကလူတွေ သိရမယ်ဆိုပြီး ဖမ်းဆီးသွားတာလို့ သိရကြောင်း အမည်မဖော်လိုသူ ရွာသား တစ်ဦးက ပြောပါတယ်။
"သူတို့က အသက်ကြီးတဲ့သူတွေကိုခေါ်တာ မနေ့ကဖြစ်တဲ့ကိစ္စမှာ သူတို့သိရမယ် ဒီနေရာမှာ ရက္ခိုင့်တပ်တော် AA ရှိတယ်ဆိုပြီး သူတို့က လမ်းပြပုံစံမျိုးနဲ့ ခေါ်သွားတာပါ"
ရေပုတ်ရွာဒေသခံ ၁၃ ဦးကို သူတို့ မဖမ်းကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦး က ငြင်းဆိုပါတယ်။
ရေပုတ်ရွာကို တပ်မတော်က ဝိုင်းထားပြီး ရွာကိုလည်း ရဟတ်ယာဉ်ပေါ်ကနေ ပစ်ခတ်နေတယ်လို့ ပြောပါတယ်။
အဲဒီပစ်ခတ်မှုကြောင့် ဒီနေ့နေ့လယ်ပိုင်းမှာ ရေပုတ်ကျေးရွာကနေ အောင်မြေသာကျေးရွာကို လှေနဲ့သွားတဲ့ ကလေး နှစ်ဦး ကျည်ဆံမှန်ခဲ့ပြီး စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။
ရွာကို တပ်မတော်က ဝိုင်းထားတဲ့အတွက် ကျည်ထိမှန်တဲ့ ကလေးနှစ်ဦးကို ဆေးရုံပို့ဖို့ အခက်အခဲ ဖြစ်နေတဲ့အတွက် အကူအညီလိုအပ်နေတယ်လို့လည်း ပြောပါတယ်။
လက်ရှိမှာ တပ်မတော်နဲ့ AA က နှစ်ဖက်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေကို အပြန်အလှန် ဖမ်းဆီးမှုတွေ ရှိနေတယ်လို့ ရှုမြင်ကြပါတယ်။
စစ်ရေး/နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က နှစ်ဖက်တင်းမာမှုတွေ ကြားမှာ ပြည်သူတွေက ပစ်မှတ်ဖြစ်နေတယ်လို့ ပြောပါတယ်။
"တပ်မတော်ရော AA အဖွဲ့ကရော ဖြစ်နေတဲ့ တိုက်ပွဲတွေအတွင်းမှာ လူထုကပစ်မှတ်ဖြစ်လာတာ အတော်ကို ဆိုးဝါးတဲ့ကိစ္စ ဒါပြည်တွင်း စစ်သမိုင်းမှာ အဲလောက် တစ်ခါမှမဖြစ်ခဲ့ဖူးဘူးဗျ။ အပြန်အလှန် လက်စားချေမှုတွေ အပြန်အလှန် ပြန်ပေးဆွဲမှုတွေ လုပ်နေတာ ရခိုင်ပြည်မှာ ဖြစ်နေတဲ့ စစ်ပွဲကြောင့်ဖြစ်ခဲ့တဲ့ ပြည်သူတွေရဲ့ နစ်နာဆုံးရှုံးမှုတွေ ပိုပြီးဆိုးဝါးစေတယ်။ ဒါတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်းဖြစ်တယ်။ အဲဒါအတွက် နှစ်ဖက်လုံးက ဒီဖြစ်ရပ်တွေကို တားဆီးဖို့လိုတယ်"
အောက်တိုဘာ ၁၁ ရက်နေ့ကလည်း ရက္ခိုင့်တပ်တော် AA အဖွဲ့က မန္တလေးတိုင်း ဇီးပင်ကြီး သင်တန်းကျောင်းကနေ မြောက်ဦးကို ပြန်လာကြတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေပါလာတဲ့ ခရီးသည်တင်ကားကို တားဆီးခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင် ၁၉ ဦးနဲ့ ခရီးသည် ၁၂ ဦးကို ဖမ်းဆီးခဲ့ရာမှာ အခုချိန်ထိ တစ်ဦးမှ မလွတ်မြောက်သေးပါဘူး။
တပ်မတော်ဘက်ကလည်း AA အဖွဲ့ကို ထောက်ပံ့မှုရှိတယ်ဆိုပြီး ရက္ခိုင့်တပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ညီ အပါအဝင် ရှစ်ဦးကို ဖမ်းဆီးအမှုဖွင့်ထားသလို နှမနဲ့ ယောက်ဖဖြစ်သူကိုလည်း မန္တလေးမြို့မှာ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ဖမ်းမိထားသူတွေနဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး ဖမ်းဆီးစစ်ဆေးနေပါတယ်။
နှစ်ဖက်တပ်တွေအနေနဲ့ အဲဒီလိုလုပ်ရပ်တွေကို ရပ်တန့်ပြီး စားပွဲဝိုင်းပေါ်မှာ ဆွေးနွေးအဖြေရှာကြဖို့ လိုနေကြောင်း အပစ်အခတ်လျှော့ချရေး၊ ပြည်သူထိခိုက်မှု မရှိရေးတွေ နှစ်ဖက်အဖြေရှာသင့်တယ်လို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။
တစ်နှစ်နီးပါးကြာမြင့်လာပြီဖြစ်တဲ့ ဒီတိုက်ပွဲတွေအတွင်း ဖမ်းဆီးခံရတဲ့/ သေဆုံးတဲ့ အရပ်သား အများအပြား ရှိနေသလို ရဲနဲ့ တပ်မတော်သား၊ စစ်မှုထမ်းဟောင်းတွေလည်း သေဆုံးမှုတွေ ရှိနေပါတယ်။
ရခိုင်ဒေသ တိုက်ပွဲတွေကြောင့် တိမ်းရှောင်ထွက်ပြေးရသူ ဒေသခံ ခုနှစ်သောင်းကျော် ရှိနေရာမှာ လတ်တလော စစ်ရေးအခြေအနေ ပိုမိုဆိုးရွားလာတဲ့အတွက် စစ်ဘေးရှောင် အရေအတွက် လျော့ကျသွားဖို့ အလားအလာ မရှိသေးပါဘူး။