AA တည်ထောင်ခြင်း ၁၄ နှစ်ပြည့် NUG အပါအဝင် အဖွဲ့ ၂၀ ကျော် ဂုဏ်ပြုသဝဏ်လွှာပို့

2023.04.10
AA တည်ထောင်ခြင်း ၁၄ နှစ်ပြည့် NUG အပါအဝင် အဖွဲ့  ၂၀ ကျော် ဂုဏ်ပြုသဝဏ်လွှာပို့ ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။
Screenshot: Arakan Army Video

၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့မှာကျရောက်တဲ့ ရက္ခိုင့်တပ်တော် (AA) တည်ထောင်ခြင်း ၁၄ နှစ်ပြည့်နေ့ကို အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) အပါအဝင် မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ ၂၀ ကျော်က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

NUG ရဲ့ သဝဏ်လွှာထဲမှာ AA ဟာ ရခိုင်ပြည်သူလူထုရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်ခွင့် အပြည့်အဝရရှိရေးအတွက် တိုက်ပွဲဝင်ခဲ့တာ ၁၄ နှစ်ပြည့်ခဲ့ပြီဖြစ်လို့ ရခိုင်ပြည်သူလူထုနဲ့အတူ ဝမ်းမြောက် ဂုဏ်ယူကြောင်း ရေးသားထားပါတယ်။

ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့တွေကလည်း AA ကို ဂုဏ်ပြုကြောင်းနဲ့ တော်လှန်ရေးအတွက် ကူညီပံ့ပိုးပေးမှု၊ သင်ကြားပြသပေးခဲ့မှုတွေအတွက် ကျေးဇူးအထူးတင်ကြောင်း ဂုဏ်ပြု သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။

AA ရဲ့ မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ PSLF/TNLA နဲ့ MNTJP/ MNDAA ကလည်း AA နဲ့အတူ ညီညီညွတ်ညွတ်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမှာ ဖြစ်သလို AA ရဲ့ ရည်မှန်းချက်တွေ အမြန်ဆုံး ပိုင်ဆိုင်နိုင်ပါစေကြောင်းလည်း သဝဏ်လွှာ ပေးပို့ထားပါတယ်။

ရက္ခိုင့်တပ်တော် (AA) ကို လက်ရှိစစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်နဲ့ ဗိုလ်မှူးချုပ် ဒေါက်တာ ညိုထွန်းအောင် အပါအဝင် ရခိုင်လူငယ် ၂၆ ဦးနဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ဌာနချုပ်ရှိရာ လိုင်ဇာမှာ ၂၀၀၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့က စတင် တည်ထောင်ခဲ့တာပါ။

ရခိုင်ပြည်နယ်ကို ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ ရည်ရွယ်ချက်နဲ့ တည်ထောင်ခဲ့တာဖြစ်ပြီး ရခိုင်လုထုရဲ့ ထောက်ခံမှုအခိုင်အမာ ရရှိခဲ့တာကြောင့် အင်အားကြီးမားလာခဲ့တာပါ။

အဲဒီနောက်ပိုင်း ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလကစလို့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ AA နဲ့ စစ်တပ် တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ လက်ရှိ ရခိုင်ပြည်နယ် နယ်မြေအများအပြားကို ထိန်းချုပ်ထားနိုင်တဲ့ AA ဟာ စစ်ကောင်စီတပ်နဲ့ ယာယီ အပစ်ရပ်ထားပြီးနောက် စစ်ကောင်စီရဲ့အုပ်ချုပ်ရေး၊ တရားစီရင်ရေးယန္တရားတွေနေရာမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးတွေ အစားထိုးပြီး နယ်မြေတိုးချဲ့နိုင်ရေး လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။