မစ္စတာ ကင်တားနား လူ့အခွင့်အရေး အခြေအနေလေ့လာ
2012.07.30

အင်းစိန်မြို့နယ် ဆေးရုံမှာ ကင်ဆာရောဂါ ကုသခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား ကိုဖြိုးဝေအောင်ကို ဒီနေ့ နေ့လည်ပိုင်းက သွားရောက်တွေ့ဆုံခဲ့ရာမှာ ခန္ဓာကိုယ် အောက်ပိုင်း သေနေတဲ့ ကိုဖြိုးဝေအောင်ကို ခြေထောက်နဲ့ သံကုတင်တွဲပြီး ခြေထိပ် ခတ်ထားတာ မြင်တွေ့သွားခဲ့တဲ့ မစ္စတာ ကင်တားနားက ဒီကိစ္စနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို ပြောမယ့်အကြောင်း အားပေးစကား ပြောသွားတယ်လို့ ကိုဖြိုးဝေအောင်ရဲ့ ဇနီး မဌေးဌေးက RFA ကိုပြောပါတယ်။
"လုံခြုံရေးတာဝန် ယူထားတဲ့ ရဲတွေက နေပြီးတော့ ခြေထောက်မှာ ခတ်ထားတဲ့ ခြေချင်းကို လာဖြုတ်တဲ့ အချိန်မှာ ကျွန်မကမေးတယ်။ ဘာလုပ်ဖို့တုန်းလို့ဆိုတော့ ဒီဟာကို ဖြုတ်ပေးဖို့တဲ့ ဆိုတော့ မဖြုတ်နဲ့လို့ ဒီအတိုင်းပဲထားလို့၊ မစ္စတာ ကင်တားနား လာလို့ သူတို့က ခဏဖြုတ်ထားတယ်ပေါ့။ ဖြုတ်ထားပြီးရင် ပြန်တပ်မှာပဲ။ အမှန်တကယ်ဆို ကျွန်မ အမျိုးသား အောက်ပိုင်းသေနေပြီ။ ဘာမှ သူများ အကူအညီ မပါပဲနဲ့ တစ်လက်မတောင် မရွေ့နိုင်တော့တဲ့ လူတစ်ယောက်လေ။ ဒါကို ခြေချင်းမှာ သံကြိုးနဲ့ သော့ခလောက်နဲ့ ခတ်ထားတယ်။ မစ္စတာ ကင်တားနား တွေ့သွားတယ်။ တွေ့သွားတဲ့ အချိန်မှာ သူချက်ခြင်းပဲ အကျဉ်းဦးစီးက ညွန်ကြားရေးမှူးကို သူခေါ်ပြီးပြောတယ်။ ဒီဟာကို ဖြုတ်ပေးဖို့ပေါ့။ ညွန်ကြားရေးမှူးက သူ့အပိုင်း မဟုတ်ဘူးပေါ့။ လုံခြုံရေးတာဝန်ယူထားတဲ့ ရဲတွေရဲ့အပိုင်းလို့ သူပြောတယ်ပေါ့။ အဲတာကို မစ္စတာ ကင်တာနားက သူလိုအပ်သလို ဆက်ပြောမယ်ဆိုပြီး ပြောသွားတယ်ရှင့်"
ဒါ့အပြင် နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်ပြီး ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေတွေကိုလည်း ကုလသမဂ္ဂကို အစီရင်ခံတဲ့အခါ ထည့်သွင်း ရေးသားမယ့်အကြောင်း မစ္စတာ ကင်တားနားက ပြောသွားတယ်လို့ မဌေးဌေးက ပြောပါတယ်။
မစ္စတာ ကင်တားနားနဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် ဦးဆောင်တဲ့အဖွဲ့နဲ့ တွေ့ဆုံခဲ့တဲ့ ကိစ္စကိုတော့ တွေ့ဆုံရာမှာ ပါဝင်ခဲ့တဲ့ ကိုပြုံးချိုက RFA ကို အခုလို ပြောပါတယ်။
"ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေး ခရီးစဉ်တွေကို သွားတဲ့အခါမှာ ကြုံတွေ့ရတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ အချက်တွေ အားနည်းချက်တွေ ရှိနေတယ်။ ကျေနပ်လောက်စရာ မရှိဘူးဆိုတဲ့ အနေအထားတွေ သူ့ကို ပြောပြတယ်။ အဲတာကြောင့် မို့လို့လည်း သူက ကျွန်တော်တို့ဆီက တကယ့်ကို ပြည်သူလူထုနဲ့ တွေ့တဲ့ အချိန်မှာ ရရှိခဲ့တဲ့ သတင်း အချက်အလက်တွေကို သူနားထောင်တယ်။ နားထောင်တဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီးတော့ သူက ဒါတွေကို လေးလေးနက်နက် ဆက်ဆွေးနွေးမယ်။ ကျွန်တော်တို့နိုင်ငံမှာ လူ့အခွင်ကအရေး ချိုးဖောက်မှု နည်းနိုင်သမျှ နည်းအောင် သူလည်း ဒီခရီးစဉ်ကို ထပ်ခါတလဲလဲ ကြိုးပမ်းမယ်ဆိုတာ ပြောပြပါတယ်"
ဒါ့အပြင် ဗကသများ အဖွဲ့ချုပ် ဒု ဥက္ကဋ္ဌ ကိုလင်းထက်နိုင်၊ အထွေထွေ အတွင်းရေးမှူး မဖြိုးဖြိုးအောင်၊ Generation Wave အဖွဲ့က ကိုမိုးသွေးတို့နဲ့ မစ္စတာ ကင်တားနား တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားအနေနဲ့ ရခိုင်ပြည်နယ်ကို ကိုယ်တိုင် သွားရောက် လေ့လာတဲ့အခါမှာ အခြေအနေတွေကို မှန်မှန်ကန်ကန် သုံးသပ်နိုင်မယ်လို့ မျှော်လင့်ကြောင်း ဒီကနေ့ ညနေပိုင်းမှာ တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ဝင် မနီလာသိန်းက ပြောပါတယ်။
"အခု သူလာတဲ့အခါမှာ ကျွန်မတို့နိုင်ငံမှာ အခု လက်ရှိဖြစ်နေတဲ့ ရခိုင်တိုင်းရင်းသားတွေ အရေးကို စိတ်ဝင်စားလို့ နံပတ်တစ် လာတယ်ပေါ့နော်။ ပြီးတော့ နံပတ်နှစ် ဒုက္ခသည်တွေရဲ့ အနေအထား သူတို့နိုင်ငံရဲ့ ကူညီထောက်ပံ့မှုတွေလည်း အရင်ကတည်းက ပေးနေတယ်ပေါ့နော်။ အဲဒီအနေအထားတွေ အားလုံးကို ကိုယ်တိုင်လာရောက် ကြည့်ရှုတဲ့အခါမှာ အရင်ကထက် ပိုမိုပြီးတော့မှ တရားမျှတမှု၊ မျှမျှတတနဲ့ပေါ့နော်။ ဒီမှာရှိတဲ့ လူတွေအားလုံးပေါ့နော်၊ ရခိုင် တိုင်းရင်းသားတွေရော၊ ဒုက္ခသည်တွေ အားလုံး သူတို့ရဲ့ လူသားတန်ဖိုးတစ်ခုနဲ့ ရရှိမဲ့ အခွင့်အရေးတွေ အားလုံး အရင်ထက် ပိုပြီးတော့ ပိုမိုကောင်းမွန် လာလိမ့်မယ်လို့ ကျွန်မကယုံကြည် မျှော်လင့်နေပါတယ်"
တပတ်ကြာ ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားဟာ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေကို သွားရောက် တွေ့ဆုံခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ဝင် မနီလာသိန်းနဲ့ မမီးမီးတို့ကို ဒီကနေ့ ညနေမှာ ရန်ကုန်မြို့ ကုလသမဂ္ဂရုံးမှာ တွေ့ဆုံခဲ့ပါတယ်။
မစ္စတာ ကင်တားနားဟာ ဒီခရီးစဉ်မှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဖို့ စီစဉ်ထားသလို လူထုအဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံမှာ ဖြစ်ပြီး မနက်ဖြန် မနက်ပိုင်းမှာ ရခိုင်ပြည်နယ်က အခြေအနေ တွေကိုလည်း သွားရောက်လေ့လာမှာ ဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန် တာဝန်ယူလာတဲ့ကာလမှာ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး တိုးတက်တာတွေ တွေ့ရပေမယ့် လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ဆက်ဖြစ်နေတာနဲ့ ပတ်သက်လို့ ဖြေရှင်းရဦးမယ့် စိမ်ခေါ်မှုတွေ အများအပြား ရှိနေသေးတယ်လို့ မစ္စတာ ကင်တားနားက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ပြောခဲ့ပါတယ်။
ရခိုင်ပြည်နယ်တွင်း အခြေအနေတွေကို စုံစမ်းလေ့လာဖို့ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ ပြည်တွင်းက နိုင်ငံရေး လှုပ်ရှားသူ တချို့ရဲ့ သဘောထား အမြင်တွေကို မအင်ကြင်းနိုင်က စုစည်း တင်ပြထားပါတယ်။
![]() |
စုစည်းတင်ပြချက်။ |
![]() |
အသံဖိုင်ယူရန်။ |