လိုင်ဇာဆွေးနွေးပွဲကနေ ရလာဒ်ကောင်းမျှော်လင့်ကြောင်း သမ္မတပြော
2014.08.01

ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့မှာ ကျင်းပခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေ ရဲ့ ဆွေးနွေးပွဲကနေ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ဖို့ ရလာဒ်ကောင်းတွေ ချမှတ်နိုင်လိမ့်မယ်လို့ မျှော် လင့်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီနေ့ တိုင်းပြည်ကို ပြောကြားတဲ့မိန့်ခွန်းမှာ ထည့်သွင်းပြော ကြားခဲ့ပါတယ်။
လစဉ်အလိုက် ပြည်သူတွေကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရေဒီယိုကနေတစ်ဆင့်ပြောကြားတဲ့ မိန့်ခွန်းမှာ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့ အတွက် မျှော်လင့်ချက်ကို အခုလို ထည့်သွင်းပြောကြား လိုက်တာ ဖြစ်ပါတယ်။
"တစ်နိုင်ငံလုံးလွှမ်းခြုံတဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စာချုပ်ချုပ်ဆိုပြီး ပါဝင်သင့် ပါဝင်ထိုက်သူများ ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲကြီးကို တက်လှမ်းနိုင်ဖို့နဲ့ ရေရှည်တည်တံ့တဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရေးအတွက် လိုအပ်တဲ့ သဘောတူညီချက်တွေရရှိနိုင်ဖို့ ဒီဆွေးနွေးပွဲမျိုးကနေ ပိုမိုကောင်းမွန်တဲ့ရလာဒ်များ ဆောင်ကြည်းလာနိုင်မယ်လို့ ကျနော်တို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီနဲ့ လုပ်ငန်းကောင်မတီများ အပါအဝင် ပြည်သူလူထုတစ်ရပ်လုံးက မျှော်လင့်နေကြပါတယ်"
အစိုးရအဖွဲ့ကို ဝေဖန်ထောက်ပြ ပြောဆိုရေးသားမှုအားလုံးကို ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေအတွက် လိုအပ်တဲ့သွင်းအားစုတွေအဖြစ် ယူဆကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်သွားမှာဖြစ် သလို ပြည်သူတွေအနေနဲ့ မိမိတို့ပြည်နယ် ဖွံ့ဖြိုးရေးကိုရှေးရှုပြီး သဘောထားကြီးကြီး၊ အမြင်ကျယ်ကျယ်ထား ရှိဖို့ကိုလည်း တိုက်တွန်းပြောကြားခဲ့ပါတယ်။